မူလစာမျက်နှာ

Wednesday, 15 June 2011

ကချင် စစ်ပြေး ဒုက္ခသည် ပိုများလာနေ

မြန်မာ့တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့၏ တိုက်ပွဲများကြောင့် ကချင် ဒေသခံ ၁၀၀၀ ခန့် တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ် လိုင်ဇာမြို့သို့ ယမန်နေ့က စတင်၍ သွားရောက် ခိုလှုံကြသည်။

Body_of_Kachin_fighter
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း KIA သုံ့ပန်းတဦး၏ ရုပ်အလောင်းကို ကြည့်ရှုနေကြသော မြန်မာ့တပ်မတော်နှင့် KIA စစ်သားများ (ဓာတ်ပုံ - jinghpawkasa)
လိုင်ဇာရှိ ဘုရားကျောင်း၊  စာသင်ကျောင်းတို့တွင် နေရာထိုင်ခင်း၊ အစား အသောက်များ စီစဉ်ပေးထားကြောင်း သိရသည်။

“လိုင်ဇာမှာ စခန်း ၄ ခု၊ ၅ ခု ချပြီး အခု နေရာချထားရေးအတွက် အလုပ်ရှုပ်နေ ကြတယ်။ တရုတ်ဘက်ကမ်းကျတော့လည်း အသက်ကြီးသူနဲ့ ကလေးပဲ လက်ခံတယ်” ဟု KIA စစ်ဌာနချုပ်မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

တရုတ်နိုင်ငံသို့ ရောက်ရှိသွားသော ဒုက္ခသည်များကို တရုတ်အာဏာပိုင်တို့က ကူညီခြင်း မရှိကြောင်း ၊ အသိမိတ်ဆွေများထံ သွားရောက် နေထိုင်နေကြကြောင်း KIA အရာရှိက ရှင်းပြသည်။

တိမ်းရှောင်လာသူများသည် လိုင်ဇာ - မြစ်ကြီးနား ကားလမ်းမကြီး တလျှောက်မှ ဒေသခံများ၊ မြစ်ကြီးနားမြို့ပေါ်ရှိ KIA၏ မိသားစုများ ဖြစ်သည်ဟု ဆိုသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်း ဗုံးပေါက်ကွဲမှုများ ၃ နေရာတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲကြီးများ ထပ်မံ ဖြစ်ပွားမှု မရှိသေးကြောင်း၊ မြန်မာ့တပ်မတော်၏ ဆက်သွယ်ရေး လမ်းကြောင်းများ ပြတ်တောက်သွားရန် မြစ်ကြီးနား - လိုင်ဇာ ကားလမ်းရှိ တံတား ၃ ခုကို ယခုရက်ပိုင်းအတွင်း ဖျက်ဆီးလိုက်ကြောင်း KIA က ပြောသည်။

မြန်မာ့တပ်မတော်က  လိုင်ဇာ - ဗန်းမော် - မြစ်ကြီးနား ကားလမ်း တလျှောက်တွင် တပ်အင်အား ထပ်မံ တိုးချဲ့ ထားကြောင်း၊ ခရီးသွားလာမှုကို တင်းကျပ်လိုက်ကြောင်း သိရသည်။

မြန်မာ့တပ်မတော်နှင့် KIA သည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ ပြီးနောက် ဇွန် ၉ ရက် နေ့က စတင်ပြီး တိုက်ပွဲ ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံ ရေး အရ စိတ်မချရသောကြောင့်ဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့သည်။

KIA ကလည်း ၎င်းတို့ ထိန်းချုပ်ရာဒေသအနီးရှိ အစိုးရ တပ်များ ဆုတ်ခွာရေး တောင်းဆိုခဲ့သည်။ နှစ်ဘက် စစ်ရေး တင်းမာမှုများက စစ်ပွဲများအဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် KIA တို့ ငြိမ်းချမ်းရေးယူပြီး ၁၇ နှစ် အကြာတွင် နှစ်ဘက် တိုက်ခိုက်မှုများ ပြန်လည် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မြန်မာအစိုးရက ကချင်ဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မပြုသေးပေ။

၇ ရက်ကြာ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုများ ရပ်တန့်ဖွယ် မရှိသေးကြောင်း KIA က ယူဆနေသည်။

“အစိုးရဘက်ကလည်း ထိုးစစ်ကတော့ တကယ်တမ်း KIA ကို အမြစ်ပြတ် ချေမှုန်းချင်တဲ့ ပုံစံမျိုး လုပ်လာတယ်၊ သူတို့ရဲ့ ထိုးစစ်က ရိုးရိုး ထိုးစစ် မဟုတ်တော့ဘဲနဲ့ နေပြည်တော်ကနေ တိုက်စစ် ဆင်လာတဲ့ ပုံစံမျိုးနဲ့ လုပ်လာတယ် ဆိုတော့ စစ်ကတော့ ရပ်တန့်ဖို့ ခက်မယ်လို့ ကျနော် ထင်တယ်” ဟု  လိုင်ဇာမှ KIA တာဝန်ရှိသူက ပြောသည်။
Source:irrawaddy

No comments:

နေ့မှာ