ရခိုင်ပြည်နယ်၏ ယခုနှစ် ဆယ်တန်း အောင်ချက် ရာခိုင်နုန်းမှာ ယခင်နှစ်နှင့် နိုင်းစာလျှင် အနည်းငယ် နိမ့်ကျသွားပြီး ဂုဏ်ထူး ရရှိသူ အရေအတွက်မှာမူ ယခင်နှစ်ကနှင့် စာလျှင် များစွာ နည်းပါး သွားကြောင်း သိရသည်။
စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော်က ဆယ်တန်းအောင်ချက် ရာခိုင်နုန်း တိုးတက်မလာဘဲ ဆုတ်ယုတ်သွားရခြင်း အပေါ် ယခုကဲ့သို့ ပြောသည်။
" ဒီနှစ် ရခိုင်ပြည်နယ် အောင်ချက်ရာခိုင်နုန်းက ၂၆ ဒဿမ ၅၆ ဘဲရှိပါတယ်။ သိရသလောက် တိုင်းနဲ့ ပြည်နယ်ထဲမှာ အနိမ့်ကျဆုံး ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ် ဘာသာစုံ ဂုဏ်ထူးရတာလည်း တစ်ယောက် တည်းဘဲ ရှိပါတယ်။ ခုလို ပညာရေး အခန်းကဏ္ဍ တိုးတက်မလာဘဲ နိမ့်ကျသွားရခြင်းဟာ လူတွေ ဆင်းရဲ မွဲတည်ကြောင့် ဖြစ်တယ်လို့ မြင်ပါတယ်" ဟု သူက ပြောသည်။
ယခင်နှစ်က ၆ ဘာသာ ဂုဏ်ထူးရှင် ရခိုင်ပြည်နယ်မှ ၁၈ ဦးပေါ်ထွက်ခဲ့ပြီး ယခုနှစ်တွင် တစ်ဦးတည်းသာ ပေါ်ထွက်ခဲ့သည်။ ၆ ဘာသာ ဂုဏ်ထူးရ ကျောင်းသားမှာ စစ်တွေ အထက (၂) ဖြစ်ကြောင်း သိရသည်။
ယခုနှစ် ရခိုင်တစ်ပြည်နယ် တစ်ခုလုံးမှ ဂုဏ်ထူးရ ကျောင်းသားမှာ ၆ ဘာသာ ဂုဏ်ထူးရှင် (၁) ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် (၁၅) ဦးနှင့် ၄ ဘာသာ ဂုဏ်ထူးရှင် (၂၆ ဦး) ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့်နှစ်က ၆ ဘာသာဂုဏ်ထူးရှင် ၁၈ ဦး ပေါ်ထွက်ခဲ့ပြီး ၊ ၅ဘာသာ ဂုဏ်ထူးရှင် ၂၅ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၃၇ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၅၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၁၆ ဦးနှင့် ၁ဘာသာဂုဏ်ထူးရှင် ၇၃၇ ဦးတို့ ပေါ်ထွက်ခဲ့သည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ်မှ အောင်ချက် အကောင်းဆုံး မြို့နယ်မှာ စစ်တပ် အဓိက အခြေစိုက်ရာ အမ်းမြို့နယ် ဖြစ်သည်။ အမ်းမြို့သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ မြို့လည်း ဖြစ်သည်။
အမ်းမြို့နယ်မှာ အောင်ချက် ရာခိုင်နုန်း ၄၀ ဒဿမ ၁၁ ဖြင့် ပထမ နှင့် မောင်တောမြို့နယ်မှာ အောင်ချက် ရာခိုင်နုန်း ၁၇ ဒဿမ ၀၅ ဖြင့် အနိမ့်ဆုံး ဖြစ်သည်။ တခြားမြို့နယ်များ၏ အောင်ချက် ရာခိုင်နုန်းမှာ သံတွဲ ၃၄ ဒဿမ ၉၄၊ ပေါက်တော ၃၂ ဒဿမ ၈၀၊ စစ်တွေ ၃၀ ဒဿမ ၉၆၊ ရသေ့တောင် ၂၈ ဒဿမ ၈၄၊ ဂွ ၂၈ ဒဿမ ၆၈၊ ကျောက်ဖြူ ၂၆ ဒဿမ ၃၉၊ တောင်ကုတ် ၂၆ ဒဿမ ၁၈၊ ကျောက်တော် ၂၆ ဒဿမ ၀၂၊ မာန်အောင် ၂၅ ဒဿမ ၇၀၊ ပုဏ္ဍားကျွန်း ၂၅ ဒဿမ ၆၈၊ မင်းပြား ၂၅ ဒဿမ ၄၇၊ ရမ်းဗြဲ ၂၀ ဒဿမ ၈၃၊ မြောက်ဦး ၂၀ ဒဿမ ၈၀၊ မြေပုံ ၂၀ ဒဿမ ၅၉၊ ဘူးသီးတောင် ၂၀ ဒဿမ ၄၁ တို့ ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးဌာန စာရင်းအရ သိရသည်။
စစ်တွေ အထက ၂ မှ အငြိမ်းစား ဆရာ တစ်ဦးက " ဒီနှစ် ရခိုင်ကျောင်းသားတွေထဲမှာ ခြောက်ဘာသာ ဂုဏ်ထူးရှင်တွေ နည်းသွားတာက မေးခွန်းက ခက်တာတွေ ပါသလို တချို့ ရမှတ်တွေကို စာစစ်အဖွဲ့က ဖြတ်ချ ပစ်တယ်လို့လည်း ကြားရပါတယ်။ ဒါကြောင့် ခြောက်ဘာသာဂုဏ်ထူးရှင် နည်းသွားပြီး တစ်ယောက်ဘဲ ထွက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။
မြန်မာနိုင်ငံ စာစစ်ဌာနမှ ၂၀၁၁ ခုနှစ် မတ်လ အတွင်းက ဖြေဆိုခဲ့သော ကျောင်းသားများ၏ ဆယ်တန်း အောင်စာရင်းကို ဇွန်လ ၄ ရက်နေ့က ထုတ်ပြန် ကျေညာခဲ့သည်။
Source :narinjara
No comments:
Post a Comment