မူလစာမျက်နှာ

Monday, 9 May 2011

လန်ဒန် မာရသွန် ပြေးလမ်းတလျှောက် ကခုန်ခဲ့သူ

 အရပ်အနည်းငယ်မြင့်ပြီး အတန်ငယ် မောပန်းနေပုံရတဲ့ အသက် ၃၃ နှစ်အရွယ် ကျောင်းဆရာ Ben Hammond ဟာ သူ့ဇာတိမြေ လန်ဒန်မြို့နဲ့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းကို လှုပ်ရှားမှု တခုအတွက် ရောက်ရှိလာခဲ့ပါတယ်။

Hammond အနည်းငယ် နွမ်းလျနေပုံ ပေါက်နေရတာကတော့ ဧပြီလထဲမှာ ကျင်းပခဲ့တဲ့ လန်ဒန်မာရသွန် ပြိုင်ပွဲမှာ ၂၆ မိုင် ခရီးကို ပြေးလမ်းတောက်လျှောက် စံချိန်တင် ကခုန်ခဲ့လို့ပဲ ဖြစ်ပါတယ်။

သူဘာ့ကြောင့် ဒီလိုကခုန်ခဲ့တာပါလဲ။

သူ့မှာ ခိုင်မာတဲ့အကြောင်းပြချက် ရှိနေပါတယ်။ သူဟာ သူ့လွတ်မြောက်မှု သင်္ကေတအဖြစ် ‘ကခုန်ခြင်း’ ကို အသုံးပြုပြီးတော့  မြန်မာ့အရေးအတွက် အာရုံစိုက်မှု မြင့်တက်လာစေဖို့ ရည်ရွယ်ခဲ့တာပါ။

သူဟာ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ “LearnBurma” အစီအစဉ်အတွက် ရန်ပုံငွေ မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီးတော့ “Free To Dance”ဆိုတဲ့ ကခုန်တဲ့ လှုပ်ရှားမှုကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ “ကျနော့်အနေနဲ့ ကမ္ဘာ့စံချိန်သစ် တင်ဖို့ ရည်ရွယ်ပြီးတော့ ကခုန်မှု ပြုလုပ်ခဲ့တာပါ” လို့ Hammond က ပြောပြခဲ့ပါတယ်။

Hammond ကို ရူးသွပ်နေတဲ့သူလို့ ဝေဖန်ကြမယ်ဆိုရင်တော့ သူဟာ မြန်မာ့အရေးအတွက် ရူးသွပ်နေတာပဲ
ဖြစ်ပါလိမ့်မယ်။
 
free-to-dance1
လန်ဒန် မာရသွန်တွင် Hammond ၏ ကမ်ပိန်းကို ထောက်ခံသူတဦးက “Free To Dance” တီရှပ်ကို ဝတ်ဆင်ထားစဉ် (ဓာတ်ပုံ - LearnBurma)

မြန်မာ့အရေးအပေါ် သူစိတ်ဝင်စားလာမှုကတော့ သူချစ်ခင်ရတဲ့ တပည့်တဦး ဆုံးပါးသွားမှုကို အခြေခံခဲ့ပါတယ်။ အဲဒီ့ဆုံးရှုံးမှုကပဲ သူ့ကို ခုလိုလှုပ်ရှားမှုတွေ လုပ်ချင်စိတ်ဖြစ်လာအောင် စေ့ဆော်ခဲ့တာပါ။

လောလောဆယ်မှာ Hammond ဟာ စာသင်ကြားပေးနေပါတယ်။ အကြာမြင့်ဆုံး ဆက်တိုက် ကခုန်သူအဖြစ် ကမ္ဘာ့စံချိန်တင်ဖို့အတွက် Hammond ဟာ ဒီနှစ် အောက်တိုဘာလထဲမှာ ၁၃၁ နာရီ ဆက်တိုက် ကခုန်မှာ ဖြစ်ပါတယ်။ မြန်မာ့အရေးကို ကူညီလိုစိတ် ပြင်းပြမှုနဲ့ ကခုန်မှုအပေါ် မြတ်နိုးမှုကို ပြသဖို့အတွက် Hammond ကခုန်ခြင်းအားဖြင့် မြန်မာ့အရေး မြှင့်တင်ရေး လှုပ်ရှားမှုကို ပြီးခဲ့တဲ့ နွေရာသီက စတင်ပြုလုပ်ခဲ့ပါတယ်။

သူ့အစီအစဉ်ကတော့ မြန်မာ့အရေးအတွက် ကခုန်မှု ကမ်ပိန်းတခု ပြုလုပ်မှုပါပဲ။ အဲဒီအစီအစဉ်မှာ စိတ်ပါဝင်စားသူတိုင်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ လူထုအနေနဲ့ ကခုန်မှု ကမ်ပိန်းမှာ ကိုယ်တိုင် ပါဝင်ဆင်နွှဲ ကခုန်နိုင်သလို ငွေကြေး လှူဒါန်းမှုလည်း ပြုလုပ်နိုင်ပါတယ်။ ရရှိလာတဲ့ ရန်ပုံငွေတွေကို ၂၀၁၂ ခုနှစ်မှ စတင်မယ့် “LearnBurma” ပညာပေးရေး အစီအစဉ်အတွက် အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

“LearnBurma” အစီအစဉ်ရဲ့ ရည်ရွယ်ချက်က ဘာများပါလဲ။

“ဗြိတိန်က လူငယ်တွေကို မြန်မာနိုင်ငံအကြောင်းနဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာသင်ကြားစေဖို့ ရည်ရွယ်ပါတယ်။ ဗြိတိန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးတွေ၊ မြန်မာ့နိုင်ငံရေး အခြေအနေတွေကို လေ့လာသင်ကြားစေပါမယ်။ ပြီးတော့ အဲဒါနဲ့ ပတ်သက်တဲ့ စကားရည်လုပွဲတွေ၊ ဒီမိုကရေစီအရေးနဲ့ ပတ်သက်တဲ့ စကားရည်လုပွဲတွေကိုလည်း လူငယ်တွေကြားမှာ ပြုလုပ်ပေးသွားဖို့ ရည်ရွယ်ပါတယ်” လို့ Hammond က မဇ္ဈိမကို ပြောခဲ့ပါတယ်။

Hammond က လူငယ်တွေမှာ မိမိဘာသာ ဆုံးဖြတ်လုပ်ကိုင်နိုင်တဲ့ အရည်အချင်းတွေ ရရှိလာစေချင်တယ်လို့ ဆိုပါတယ်။ “LearnBurma” အစီအစဉ်ကနေတဆင့် မြန်မာ့အရေးကို ပိုမိုစိတ်ဝင်စားလာပြီး၊ ကမ္ဘာ့စံချိန်တင်ဖို့ ကြိုးစားနေတဲ့ လူထူးလူဆန်းတယောက်နဲ့အတူ လမ်းမပေါ်ထွက်ပြီး ကခုန်ရေး လှုပ်ရှားမှုတွေမှာလည်း ပါဝင်လိုစိတ်ရှိရင် ပါဝင်လို့ ရပါတယ်။

မြန်မာ့အရေးကို စိတ်ဝင်စားသူ လူငယ်တွေ မြန်မာနိုင်ငံအကြောင်း ပိုမိုသိရှိလာအောင် ကူညီဖို့အတွက် “LearnBurma” ကို အကောင်အထည် ဖော်ရတာပါလို့ သူက ဆိုပါတယ်။

Hammond ဟာ “LearnBurma” အစီအစဉ် စတင် အကောင်အထည် ဖော်နိုင်ရေးနဲ့ မြန်မာ့အရေးကို သူစိတ်ဝင်စားလာအောင် လှုံ့ဆော်မှု ပေးခဲ့တဲ့သူတွေနဲ့ ပြန်လည်ဆက်သွယ်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို သူရဲ့ အချိန်ပြည့် ဓာတ်ပုံဆရာနဲ့အတူ ရောက်ရှိနေပါတယ်။

Hammond ဟာ ၂၀၀၄-၀၅ ခုနှစ်မှာ ထိုင်း-မြန်မာနယ်စပ်မှာ ရှိတဲ့ မယ်လအုန်း ဒုက္ခသည်စခန်းမှာ တနှစ်ခန့် စာသင်ကြား ပို့ချပေးခဲ့ဖူးတဲ့ ကျောင်းဆရာ တဦးလည်း ဖြစ်ပါတယ်။ သူ့တပည့်တွေထဲက ထူးချွန်သူ တပည့်မ နှစ်ဦးဖြစ်တဲ့ Twe နဲ့ Oo Nie Kie ကို ဆရာဖြစ် သင်ခန်းစာတွေ ပို့ချခဲ့ဖူးပါတယ်။ မယ်လအုန်း ဒုက္ခသည်စခန်းမှာ တနှစ်ခန့် သင်ကြားပေးပြီးတဲ့ အခါမှာ Hammond ဟာ လန်ဒန်ကို ပြန်သွားပြီးတော့ သင်ကြားပို့ချမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ Twe ဟာ အမေရိကားကို ရောက်ရှိသွားပါပြီ။

၂၀၀၉ အောက်တိုဘာထဲမှာတော့ Hammond ဟာ သူ့တပည့် Oo Nie Kie ကွယ်လွန်သွားပြီဆိုတဲ့ သတင်းကို အင်္ဂလန်နိုင်ငံကနေ ကြားလိုက်ရပါတယ်။ အဲလို ကြားလိုက်ရတဲ့ အချိန်မှာတော့ Hammond ဟာ မြန်မာနိုင်ငံအတွက် သူ အခုထက်ပိုပြီး လုပ်ပေးဖို့ အချိန်တန်ပြီလို့ ခံစားလိုက်ရပါတော့တယ်။

ကနဦးမှာတော့ သူ့တပည့်မလေး Oo Nie Kie ဟာ ကရင်ပြည်နယ်က သူ့ရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်
သေဆုံးသွားတာလို့ Hammond ထင်မြင်ယူဆခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့တပည့်လေးဟာ သူငယ်ချင်းတွေနဲ့ အတူတူ ရေကူးသွားရင်း ရေနစ်သေဆုံးခဲ့တာလို့ သိရပါတယ်။

“ကျနော် အဲဒီအီးမေးလ်ကို ရတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဘာလုပ်နေတာလဲလို့ မေးခွန်းထုတ်မိပါတယ်” လို့ မဇ္ဈိမရုံးမှာ ‘Free To Dance’ တီရှပ် ဝတ်ဆင်ထားတဲ့ Hammond က ပြောခဲ့ပါတယ်။ “ကျနော်ဟာ ကျောင်းဆရာ တယောက်ပါ။ ပြီးတော့ ရွှေဝါရောင် တော်လှန်ရေး ကာလမှာလည်း မြန်မာ့အရေးကို ကူညီဖို့ လုပ်ခဲ့တာ တချို့တော့ ရှိပါတယ်။ ဒါပေမဲ့ ကျနော်နဲ့ တွေ့ဆုံခဲ့တဲ့ သူတွေကို ကျနော် ဘာတွေလုပ်ပေးနိုင်ခဲ့သလဲ၊ ဘယ်လောက်အထိ အကျိုးသက်ရောက်အောင် လုပ်ပေးနိုင်သလဲလို့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်မိပါတယ်။ ပြီးတော့ မြန်မာ့အရေးအတွက် တခုခုကူညီဖို့ ကိုယ့်လွတ်လပ်မှုကိုရော ဘယ်လောက်အသုံးချနိုင်သလဲလို့ စဉ်းစားမိပါတယ်။ အဲဒီအီးမေးလ်ကတော့ ကျနော့်အတွက် သတိပေးလှုံ့ဆော်ချက် တခုလို ဖြစ်ခဲ့ပါတယ်” လို့ Hammond က ဆိုပါတယ်။

သူ့တပည့် Oo Nie Kie ရဲ့ သေဆုံးမှုက သူ့ကို လှုပ်နှိုးလိုက်ခြင်းပါ။

အင်္ဂလန်မှာ Hammond ဟာ နိုင်ငံသားအရေး ပညာပေးသင်တန်းကို ပို့ချနေတာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့အတွက် “လူငယ်တွေရဲ့ အရည်အချင်းတွေ၊ ကျွမ်းကျင်မှုတွေကို တိုးတက်လာအောင် သင်ကြားပေးနေတာ” လို့ သူက ဆိုပါတယ်။ လုံခြုံရေး ကိစ္စနဲ့ ပတ်သက်တဲ့ ကမ်ပိန်းတွေကအစ ကမ္ဘာ့ရေးရာ ကမ်ပိန်းတွေအထိ ကျွမ်းကျင်လာအောင် လေ့ကျင့်ပေးတယ်လို့ Hammond က ပြောခဲ့ပါတယ်။

Hammond ဟာ Lewisham မှာ ရှိတဲ့ Deptford Green School မှာ နိုင်ငံသားရေးရာနဲ့ ပတ်သက်တဲ့ ကျောင်းဆရာနဲ့ ညှိနှိုင်းကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်နေတာပါ။ Deptford Green School ဟာ နိုင်ငံသားရေးရာ ဘာသာရပ်နဲ့ ပတ်သက်ပြီး အင်္ဂလန်နိုင်ငံမှာ ဦးဆောင်နေတဲ့ ကျောင်းတကျောင်း ဖြစ်ပါတယ်။

သူ့ကျောင်းမှာ ပညာသင်ကြားနေကြတဲ့ သူ့တပည့်တွေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အရှေ့တောင်အာရှက လာသူတွေ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက ရန်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ ရွှေဝါရောင် တော်လှန်ရေး ကာလမှာ သူ့တပည့်တွေက သူ့ကို မြန်မာနိုင်ငံအကြောင်း သင်ကြားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီအချိန်တုန်းက Trafalgar ရင်ပြင်မှာ လူပေါင်း ၁၀,၀၀၀ခန့်ဟာ ရွှေဝါရောင် တော်လှန်ရေးကို ထောက်ခံကြောင်း
ပြသတဲ့အနေနဲ့ စုရုံးခဲ့ကြပြီး၊ “မြန်မာနိုင်ငံက ရဟန်းသံဃာတွေနဲ့ တစိတ်တဝမ်းတည်း ရှိကြောင်း ပြသလိုပါတယ်” လို့ ဆိုခဲ့ကြပါတယ်။

Hammond ရဲ့ တပည့်တွေဟာ သူ့ဆီလာပြီးတော့ “မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတာလဲဆိုတာ ကျနော်တို့ သိချင်ပါတယ်” လို့ သင်ကြားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ဒါကြောင့် သင်ရိုးထဲမှာ မြန်မာနိုင်ငံအကြောင်း ထည့်ခဲ့ပါတယ်။ သူတို့ကို မြန်မာနိုင်ငံအကြောင်း ၄ ပတ်လောက် သင်ပေးခဲ့ပါတယ်။ ဗြိတိန်နဲ့ မြန်မာနိုင်ငံ ဆက်ဆံရေးကိုလည်း ပို့ချခဲ့ပါတယ်” လို့ Hammond က ပြောပြခဲ့ပါတယ်။

Hammond ရဲ့ လုပ်ဆောင်မှုက အသီးအပွင့်တွေလည်း ပေါ်ထွက်ခဲ့ပါတယ်။ ဗြိတိန်နိုင်ငံဟာ မြန်မာ့အရေး လုပ်ဆောင်နေတဲ့ NGO တွေနဲ့ မြန်မာဒုက္ခသည်တွေကို အဲဒီအချိန်က ဘဏ္ဍာရေး အကူအညီ အနည်းငယ်သာ ပေးနေတာကို Hammond ရဲ့ တပည့်တွေ သိလိုက်ရတဲ့ အချိန်မှာတော့ စိတ်ထိခိုက်သွားကြတယ်လို့ ဆိုပါတယ်။

free-to-dance2
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ရှိ ကျောင်းများနှင့် ဗြိတိန်ရှိကျောင်းများ ချိတ်ဆက်လှုပ်ရှားရန် မဲဆောက်မြို့သို့ Hammond မသွားရောက်ခင် မဇ္ဈိမက တွေ့ဆုံခဲ့စဉ် (ဓာတ်ပုံ - LearnBurma)

“အဲဒီတုန်းက သူတို့တွေဟာ မြန်မာ့အရေးနဲ့ သက်ဆိုင်တဲ့ ဘဏ္ဍာရေး ထောက်ပံ့မှုတွေကို တိုးမြှင့်ပေးဖို့အတွက်
နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနကို စာတွေရေးသားပြီး တောင်းဆိုခဲ့ကြပါတယ်။ သူတို့ဟာ မြန်မာ့ရေးရာနဲ့ ပတ်သက်ပြီး တာဝန်ယူထားတဲ့ လက်ထောက် ဒါရိုက်တာ Rosemary Stevenson နဲ့ တွေ့ဆုံဆွေးနွေးခွင့်ရအောင် ကြိုးပမ်းနိုင်ခဲ့ပြီးတော့ တိုက်တွန်းနိုင်ခဲ့တဲ့အတွက် နောက်တလအကြာမှာ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနက ဘဏ္ဍာရေး ထောက်ပံ့မှုတွေ တိုးမြှင့်ပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ပါတယ်။ ဒါဟာ ရလဒ်ကောင်း တခုပါ” လို့ Hammond က ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ အဲလို ဘဏ္ဍာရေးအကူအညီတွေ တိုးမြင့်လာစေရေးအတွက် သူ့ကျောင်းသားတွေရဲ့ လုပ်ဆောင်မှုတွေ ကမ်ပိန်းတွေက အဓိကမကျဘဲ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွေ့လုပ်ဆောင်နေတဲ့ သူတွေရဲ့ လှုပ်ရှားမှု ပေါ်ပေါက်လာလို့သာ အခုလို ငွေကြေးအကူအညီတွေ တိုးမြှင့်လာခဲ့တာလို့ Hammond က ပြောပါတယ်။

စစ်အစိုးရကို ငွေကြေးရှာဖွေပေးသလို ဖြစ်နေခဲ့တဲ့ Total ရေနံကုမ္ပဏီရဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း Hammond ရဲ့ ကျောင်းသားတွေဟာ ကန့်ကွက်ခဲ့ကြပါတယ်။ ဒေသတွင်းက သက်ဆိုင်ရာ ရေနံကုမ္ပဏီကို သွားပြီးတော့လည်း ကန့်ကွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Hammond ရဲ့ စာသင်သားတွေအနေနဲ့ ဥပဒေရေးဆိုင်ရာ ဆန္ဒပြမှုတွေ ပြုလုပ်ဖို့ အဖွဲ့တဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ Total ကုမ္ပဏီရဲ့ ဒေသဌာနခွဲတွေကို သွားရောက်ပြီးတော့ ဆန္ဒပြမှုတွေ၊ Total ကုမ္ပဏီကြောင့် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထိခိုက်ပုံ အကျိုးဆက်တွေကို ဖော်ပြထားတဲ့ လက်ကမ်းစာစောင်တွေကို ဌာနခွဲတွေနားမှာရှိတဲ့ အနီးအနားတဝိုက်က လူတွေကို ဖြန့်ဝေမှုမျိုးတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

“သူတို့ဟာ ရဲတွေ၊ ဒေသ အာဏာပိုင်တွေ၊ နောက်ဆုံး သူတို့ရဲ့ မိဘတွေအထိ စည်းရုံးခဲ့ကြပါတယ်” လို့ Hammond က ပြောပြခဲ့ပါတယ်။

လွန်ခဲ့တဲ့ အပတ်ကတော့ Total ကုမ္ပဏီဟာ အခုလို ကန့်ကွက်တားဆီးမှုတွေ ရပ်တန့်ဖို့ သူ့တို့ကို တားမြစ်ခဲ့သေးပေမယ့် Hammond ရဲ့ တပည့်တွေကတော့ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဆန္ဒပြမှုတွေ ပြုလုပ်ပြီး ၃ ပတ်အကြာမှာတော့ Total ရေနံ ကုမ္ပဏီဟာ Hammond တို့ အုပ်စုကို ကုမ္ပဏီ ဒါရိုက်တာနဲ့ ဆွေးနွေးဖို့အတွက် ကုမ္ပဏီဌာနချုပ်ကို လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်တဲ့ မူဝါဒကို ၃ နာရီကြာ မေးမြန်းခဲ့ကြတယ်လို့ ဆိုပါတယ်။ “အဲဒါဟာ အကောင်းဆုံး လေ့လာသင်ကြားမှု တခုလို ဖြစ်သွားခဲ့ပါတယ်။ အဲဒီကာလဟာ ကျနော့် ကျောင်းဆရာ သက်တမ်းတလျှောက်မှာ ဂုဏ်အယူမိဆုံး အခိုက်အတန့်လေးပါပဲ။ ကျနော့်တပည့်တွေက အရေးကြီးတဲ့ မေးခွန်းတွေ ဆက်တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကနေ အတွေးတွေ အများကြီး ရခဲ့ပါတယ်” လို့ Hammond က ပြောပြခဲ့ပါတယ်။ 

Hammond ဟာ မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဗြိတိန်က အဖွဲ့အစည်းတွေ၊
မြန်မာကျောင်းသားတွေကို ပညာသင်ဆု ပေးအပ်နေတဲ့ ဗြိတိန်ရှိ လူမှုရေးအဖွဲ့တွေရဲ့ အားနည်းချက် တခုကိုလည်း တွေ့မြင်ခဲ့ပါတယ်။

“ဗြိတိန်မှာ အဲလိုအဖွဲ့တွေ အများကြီး ရှိပေမယ့် မြန်မာ့အရေးကို လူသိလာအောင် ပိုစိတ်ဝင်စားလာအောင် လှုံ့ဆော်ပေးမယ့် အဖွဲ့အစည်း တခုမှ မရှိတာကို သတိထားမိပါတယ်။ ဗြိတိန်မှာ လူအနည်းငယ်လောက်ကပဲ
မြန်မာနိုင်ငံအကြောင်းကို သိတာပါ” လို့ ပြောပြခဲ့ပါတယ်။

“ကျနော် ပြုလုပ်မယ့် ‘LearnBurma’ အစီအစဉ်ကတော့ မြန်မာ့အရေးကို လူငယ်တွေ အခုထက်ပိုပြီး စိတ်ဝင်စားလာအောင် မြှင့်တင်ပေးဖို့ ရည်ရွယ်ထားပါတယ်” လို့ Hammond က ဆိုပါတယ်။

သတင်းနည်းပညာ ခေတ်မှာ လူငယ်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တာဟာ အတော်ထိရောက်တယ်လို့ Hammond က ယူဆပါတယ်။

ဒါကြောင့် ‘Free To Dance’ လှုပ်ရှားမှုဟာ အာရုံစိုက်မှုတွေကို ဆွဲဆောင်နိုင်တဲ့အတွက် ဗျူဟာမြောက်တဲ့ လှုပ်ရှားမှုလို့ ဆိုပါတယ်။ စာရင်းဇယားတွေအရ ဗြိတိန် လူဦးရေရဲ့ သုံးပုံတပုံဟာ အကမှာ စိတ်ဝင်စားကြတယ်လို့ Hammond က ပြောပါတယ်။ ဗြိတိန်ရဲ့ တီဗီရှိုးတွေမှာ အကအစီအစဉ်ကို အစဉ်မပြတ် ထုတ်လွှင့်နေကြတာကို ကြည့်ခြင်းအားဖြင့် ကခုန်ခြင်းကို ဗြိတိန်နိုင်ငံသား အတော်များများ စိတ်ဝင်စားကြလို့ ကခုန်တဲ့ လှုပ်ရှားမှုကို အာရုံစိုက်မှု မြှင့်တင်ရေး နည်းလမ်းတခုအဖြစ် အသုံးချလိုက်တာလို့ Hammond ဆိုပါတယ်။

“ဒါက အရေးကြီးတယ်။ ဒါကြောင့်မို့လို့ မင်းတို့ လက်ခံရမယ်။ ငါက အရေးကြီးတယ်လို့ ဆုံးဖြတ်လိုက်ရင် အရေးကြီးတယ်လို့ လက်ခံရမယ်ဆိုတဲ့ အတင်းအကျပ် စည်းရုံးမှုမျိုးတွေ အတန်းရှေ့မှာ ပြောတာမျိုးတော့ ကျနော် ဘယ်တော့မှ မလုပ်ပါဘူး။ ကျနော်တို့ဟာ စိတ်ဝင်စားဖို့ ကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ လိုပါတယ်” လို့ Hammond က ဆိုပါတယ်။

“Comic Relief အဖွဲ့လိုမျိုးပဲ လူတွေကို တွေးချင်စိတ်၊ လှူချင်စိတ်တွေ ပေါက်လာအောင် ဟာသကို အသုံးချသလိုမျိုးပဲ ကျနော်တို့လည်း ဗြိတိန်က လူပေါင်း သန်း ၂၀ လောက် စိတ်ဝင်စားတဲ့ ကခုန်ခြင်းကို နည်းလမ်းတခုအဖြစ် အသုံးပြုနေတာပါ” လို့ Hammond က ရှင်းပြခဲ့ပါတယ်။

“ရည်ရွယ်ချက်ကတော့ လူတွေ မြန်မာနိုင်ငံအကြောင်း ရေရှည်တွေးတောလာစေဖို့နဲ့ ကခုန်ခြင်းအားဖြင့် လူထုရဲ့ အာရုံစိတ်မှုကို ရရှိလာဖို့ ရည်ရွယ်ထားတာပါ။ ယူကျုတို့လို လူမှုရေးကွန်ယက် မီဒီယာ တခုခုကို အသုံးပြုနေတဲ့ သူတွေဆို သိပါလိမ့်မယ်။ သိပ်ပြီး မကတတ်ကြတဲ့ အပျော်တမ်းသမားတွေ ကပြီး တင်ထားတဲ့ ဗီဒီယိုတွေတောင်မှ ပရိသတ် သန်းနဲ့ချီပြီး ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်” လို့ Hammond က သူ့စိတ်ကူးကို ပြောပြခဲ့ပါတယ်။

“ဒါကြောင့် ‘Free To Dance’ လှုပ်ရှားမှုဟာ လူတွေကို လှုံ့ဆော်ဖို့ ထိရောက်တဲ့ လှုပ်ရှားမှု တခုဖြစ်ပါတယ်။ လွတ်လပ်မှုကို အပြည့်အဝ ခံစားခွင့် ရနေတဲ့လူတွေက လွတ်လပ်မှု မရသေးတဲ့ မြန်မာနိုင်ငံထဲက သူတွေအတွက် ကခုန်မှုကို သင်္ကေတ တခုအဖြစ် အသုံးပြုထားတဲ့ လှုပ်ရှားမှုပါ” လို့ သူက ရှင်းပြခဲ့ပါတယ်။

‘Free To Dance’ ကမ်ပိန်းအား ‘Freemob’ (လွတ်လပ်သော လူစုလူဝေး) အစီအစဉ်ဖြင့် ယခုနှစ်ထဲတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး၊ လန်ဒန်မြို့လယ်မှာ အကဝါသနာရှင်ပေါင်း ၂၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။

“လူတွေအများကြီး ပါဝင်ဆင်နွှဲလာတဲ့အတွက် ဝမ်းသာမိပါတယ်။ သူတို့ ဘယ်သူတွေလဲ ဆိုတာက အရေးမကြီးပါဘူး။ များများ ပါဝင်ဆင်နွှဲလာဖို့ပဲ လိုပါတယ်။ ဘဏ်က ဝန်ထမ်းတွေ၊ ဆောက်လုပ်ရေး လုပ်သားတွေ၊ ပညာရှင်တွေ၊ ဦးနှောက်ခွဲစိတ်ကု ဆရာဝန်တွေ စတဲ့ လူတန်းစားပေါင်းစုံ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ သူတို့ဟာ ဒီလိုလှုပ်ရှားမှုအတွက် ကခုန်ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမိခဲ့မှာ မဟုတ်ပါဘူး။ ကျနော်တို့ ရည်ရွယ်ချက်ကတော့ ကမ်ပိန်းမှာ တတ်နိုင်သမျှ လူများများ ပါဝင်ဆင်နွှဲလာရေးပါပဲ” လို့ Hammond က ဆိုပါတယ်။

Hammond ဟာ ဗြိတိန်နိုင်ငံမှာ ကျောင်းပေါင်း ၅၀ ခန့်ကို မြန်မာနိုင်ငံအကြောင်း လှည့်လည် ဟောပြောခဲ့ပြီးပါပြီ။ သူရဲ့ ဟောပြပို့ချချက်တွေထဲမှာ နိုဗယ်ဆုရှင်လည်းဖြစ်၊ အကြမ်းမဖက်နည်းနဲ့ တိုက်ပွဲဝင်နေတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကြောင်းကိုလည်း အမြဲတမ်း ထည့်သွင်း ဟောပြောခဲ့ပါတယ်။

‘Free To Dance’ လှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ကိုယ့်ရဲ့လွတ်လပ်ခြင်းကို မြန်မာနိုင်ငံရဲ့ လွတ်မြောက်ရေးအတွက် လက်တွေ့ အသုံးချ အကောင်အထည် ဖော်လိုက်တာလို့ Hammond က ဆိုပါတယ်။

“အဲဒီစကားရပ်ဟာ အမြဲမှန်ကန်နေပါတယ်။ သူပြောခဲ့တဲ့ ရိုးရိုးရှင်းရှင်း စကားရပ်တခုဟာ ကျနော့်အတွက် လှုံ့ဆော်မှု အပေးနိုင်ဆုံး တွန်းအားတခု ဖြစ်လာခဲ့ပါတယ်” လို့ Hammond က ပြောပြခဲ့ပါတယ်။

 
free-to-dance3
Hammond သည် ယခုနှစ် လန်ဒန် မာရသွန်ပြိုင်ပွဲ ပြေးလမ်းတလျှောက် ကခုန်သွားခဲ့ရာ အချိန် ၈ နာရီ၊ မိနစ် ၅ဝ ခန့် ယူခဲ့ရသည်။ သူ၏ ကကွက်များထဲတွင် အင်္ဂလိပ်ရိုးရာ မောရစ်စ် အကမှစ၍ ခေတ်ပေါ် ဟစ်ဟော့ပ် ကကွက်များအထိ အကမျိုးစုံ ပါဝင်ခဲ့သည် (ဓာတ်ပုံ - LearnBurma)

ကခုန်ခြင်း ကမ်ပိန်းအတွက် အကြီးမားဆုံး အခက်အခဲက ဘာပါလဲလို့ မေးတဲ့အခါ လူရှေ့သူရှေ့မှာ လုပ်ဆောင်ရဲတဲ့ စိတ်အနေအထား ရှိဖို့က အလွန်အရေးကြီးပါတယ်လို့ သူက ဆိုပါတယ်။

Hammond ဟာ ဘက်ကင်ဟမ် နန်းတော်ရှေ့၊ John O’Groat ဒေသ စတဲ့နေရာတွေ အပါအဝင် နာမည်ကြီးနေရာတွေမှာ ကခုန်မှုကို ပြုလုပ်ခဲ့ပြီးပါပြီ။ ဒီလို ကခုန်မှုတွေ ပြုလုပ်ဖို့ စိတ်ကူးရလာတာကတော့ အမေရိကန် နိုင်ငံသား Matt Harding ရဲ့ ‘Matt ဘယ်မှာလဲ’ လို့ အမည်ပေးထားတဲ့ ယူကျုဗီဒီယိုကနေ စိတ်ကူးရလာခဲ့တာ ဖြစ်ပါတယ်လို့ သူက ပြောပြခဲ့ပါတယ်။ အဲဒီဗီဒီယိုထဲမှာ Matt ဟာ ကမ္ဘာအနှံ့က နိုင်ငံ ၄၂ နိုင်ငံမှာ သွားရောက်ကခုန်ခဲ့တာကို ထုတ်လွှင့်ထားတာပါ။ Matt ရဲ့ ဗီဒီယိုဟာ ၂၀၀၈ ခုနှစ်ထဲမှာ အောင်မြင်တဲ့ ဗီဒီယိုတခု ဖြစ်လာခဲ့ပြီး ပရိသတ် ၃၅ သန်းကျော်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

“တကယ်တော့ လမ်းမတွေပေါ်မှာ ကခုန်ရတယ်ဆိုတာ လူတွေလုပ်လေ့လုပ်ထ မရှိတဲ့ အတော့်ကို အူကြောင်ကြောင်နိုင်တဲ့ လုပ်ရပ်တခုပါ။ အထူးသဖြင့် စနစ်တကျ မကတတ်တဲ့ သူတွေအတွက်ဆို ပိုဆိုးပါတယ်” လို့ Hammond က ပြောပြခဲ့ပါတယ်။

“ဒါပေမဲ့ ဒါဟာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ လုပ်ဆောင်မှုတခုပါ။ ကျနော်က ‘လွတ်မြောက်မှုအတွက်၊
မြန်မာနိုင်ငံအတွက် (For Freedom, For Burma)’ လို့ ရေးထားတဲ့ ဆောင်ပုဒ်ကြီးကြီး တခုကို တပ်ဆင်ပြီး ကခဲ့တာပါ။ လူတွေ တွေ့နေမြင်နေကျ ပုံစံမျိုးတော့ မဟုတ်ဘူးပေါ့။ Van ကားမောင်းတဲ့ ဒရိုင်ဘာတွေလည်း
နှစ်သက်ကြပါတယ်။ သူတို့ရဲ့ ဟွန်းတွေကို တီးပြီးတော့ သြဘာပေးသွားကြပါတယ်” လို့ သူက ဆိုပါတယ်။

ကခုန်ရတယ်ဆိုတာ လွယ်တဲ့ အလုပ်တော့ မဟုတ်ပါဘူး။ ဒါကြောင့် Hammond ဟာ ကတဲ့ ပုံစံမျိုးစုံကို
လေ့လာလုပ်ဆောင်ရပါတယ်။ “လူတွေ ဘာကို နှစ်သက်လိမ့်မလဲလို့ တွေးပြီး လုပ်ဆောင်ရတာ ပျော်စရာတော့ ကောင်းပါတယ်။ တကယ်တော့ ကခုန်တယ်ဆိုတာဟာ လွတ်လပ်ခြင်းကို သရုပ်ဖော်ဖို့ အကောင်းဆုံး သင်္ကေတပါပဲ” လို့ သူက ပြောပါတယ်။

‘LearnBurma’ အစီအစဉ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ပညာရေးကွန်ယက်တခု ဖြစ်လာလိမ့်မယ်လို့ Hammond က မျှော်လင့်ထားပါတယ်။ ဗြိတိန်နိုင်ငံထဲက ကျောင်းတွေနဲ့ ထိုင်း-မြန်မာနယ်စပ်က ကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့ ဖြစ်နိုင်ရင် မြန်မာနိုင်ငံအတွင်းက ကျောင်းတွေနဲ့ပါ ချိတ်ဆက်ပြီး လှုပ်ရှားသွားဖို့ ကြိုးစားမယ်လို့ Hammond က သူ့မျှော်လင့်ချက်ကို ပြောပြပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လာရင် လူတွေရဲ့ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိလာစေချင်တယ်၊ မြန်မာ့အရေး လျစ်လျူရှုခံထားရတာကို အဖြစ်မခံနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

“မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အခွင့်ကြုံမှ သိကြ၊ ကြားကြတာပဲ များပါတယ်။ မြန်မာ့အရေးကို လူတွေ စနစ်တကျနဲ့ သေချာသိရှိလာအောင် ကျနော်တို့ အစီအစဉ်ဆွဲနေပါတယ်။ အဲလိုလုပ်ဖို့လည်း အခြေအနေတွေ ပေးနေပါတယ်။ ကျနော်တို့ လိုအပ်နေတာက သက်ဆိုင်ရာ ကျွမ်းကျင်မှုမျိုး ရှိဖို့ပါပဲ။ LearnBurma အစီအစဉ်ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အခွင့်အလမ်းတွေ ကူညီမှုတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်” လို့ Hammond က ပြောပြခဲ့ပါတယ်။

ရေရှည်မှာ လူတိုင်းနီးပါး မြန်မာနိုင်ငံအကြောင်းကို လေ့လာမှုတွေ၊ သင်ယူမှုတွေ ပြုလုပ်လာကြဖို့ သူက မျှော်လင့်နေပါတယ်။ ဆရာတွေ၊ မြန်မာရွှေ့ပြောင်းနေထိုင်သူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ကျောင်းသားတွေ ပါဝင်တဲ့ ကွန်ရက်တခုလည်း ရှိနေပြီး အဲဒီကွန်ယက်က ‘LearnBurma’ အစီအစဉ်အတွက် အကူအညီတွေ ပေးနိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

‘LearnBurma’ ဟာ ပညာရေးလှုပ်ရှားမှု တခုဖြစ်လို့ နိုင်ငံရေး သိပ်မဆန်ဖို့နဲ့ ပုဂ္ဂိုလ်တဦး ဒါမှမဟုတ် အဖွဲ့တခုခုရဲ့ သြဇာခံ ဖြစ်မနေဖို့တော့ လိုတယ်လို့ Hammond က ရှင်းပြပါတယ်။ “ကျနော်တို့ဟာ ကလေးတွေကို သူတို့ ကိုယ်ပိုင်အမြင်တွေနဲ့ ဆုံးဖြတ်ခွင့်တွေ ပေးရပါမယ်” လို့ သူက ပြောပါတယ်။

ဗြိတိန်နိုင်ငံသားတွေအနေနဲ့ သူတို့ရဲ့ လွတ်လပ်မှုတွေကို အသုံးချပြီး မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာရေးအတွက် ထောက်ခံအားပေးတာဟာ ပါဝင်ဆင်နွှဲသူတွေ သူတို့ကိုယ်တိုင်ရဲ့ စိတ်ထဲမှာလည်း လွတ်လပ်မှုတွေ ပိုမိုဖြစ်ပေါ်လာလိမ့်မယ်လို့ ထင်ကြောင်း သူက ပြောပြပါတယ်။

“မြန်မာ့လွတ်မြောက်ရေးအတွက် ပြောဆိုရာမှာ ပုဂ္ဂိုလ်တဦးချင်းစီရဲ့ လွတ်မြောက်ရေး ရှုထောင့်လည်း ပါဝင်ပါတယ်” လို့ သူက ဆိုပါတယ်။

Hammond နဲ့ သူ့ကင်မရာမင်းဟာ လွန်ခဲ့တဲ့အပတ်က ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်ကို သွားခဲ့ပါသေးတယ်။ Hammond အနေနဲ့ သူစာသင်ခဲ့တဲ့ ကျောင်းတွေကို လည်ပတ်ဖို့ သွားတာဖြစ်သလို သူ့အစီအစဉ်တွေကိုလည်း မဲဆောက်က ကျောင်းသားတွေနဲ့ မိတ်ဆွေတွေကို ပြောပြခဲ့ပါတယ်။ Hammond အနေနဲ့ သူ့ကကြိုးကကွက်တွေ ပိုမိုစုံလင်လာဖို့အတွက် မြန်မာ့ရိုးရာ အကနဲ့ ကရင်နီအကတွေကို လေ့လာဖို့လည်း ရှိပါတယ်။ ပြီးတော့ သူ့ ‘LearnBurma’ ပရောဂျက်အတွက် အဆက်အသွယ်တွေ ပိုပြီး ရလာဖို့ မဲဆောက်ကို သွားတာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့စံချိန် တင်ဖို့အတွက် ဆက်တိုက်ကခုန်ဖို့ အချိန်ကလည်း နီးလာပါပြီ။ သူ့အနေနဲ့ ၅ ရက်ဆက်တိုက် ကခုန်နိုင်ဖို့အတွက် ခံနိုင်ရည်ရှိအောင် ရုပ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ စတင်ပြုလုပ်ရပါတော့မယ်။

“ဂင်းနစ်စ်စံချိန်ဌာနက တာဝန်ရှိသူတွေက ကျနော့်ကို ကျန်းမာရေးအတွက် တနာရီမှာ ၅ မိနစ်နဲ့ ၄ နာရီ အကြာတိုင်းမှာ မိနစ် ၂၀ နားခွင့်ပေးပါတယ်” လို့ သူက ရှင်းပြပါတယ်။

“တရက်လုံးမှာ ၂ နာရီထဲ အိပ်ရတာနဲ့ ညီမျှပါတယ်။ ကျနော့်အနေနဲ့ ခံနိုင်ရည်ရှိအောင် ၅ လခွဲလောက် လေ့ကျင့်ရပါဦးမယ်” လို့ သူက ဆိုပါတယ်။

‘Free To Dance’ လှုပ်ရှားမှု တလျှောက်လုံးမှာလည်း အိပ်ရေးပျက်ခဲ့ရပါတယ်။ အဲဒီကမ်ပိန်းဟာ တရက်ကို လူတထောင် နှုန်းနဲ့ ၁၃၁ ရက်အတွင်းမှာ လူပေါင်း ၁၃၁,၀၀၀ နဲ့ အတူတူ ကဖို့ ကြိုးစားခဲ့တဲ့ ကမ်ပိန်း ဖြစ်ပါတယ်” လို့ Hammond က ဆိုပါတယ်။

“ဒီလို စံချိန်တင် လှုပ်ရှားမှုတွေကို ပြုလုပ်မယ့် ဘယ်သူမဆို ပတ်ဝန်းကျင်ရဲ့ အကူအညီတွေတော့ အများကြီး လိုပါတယ်။ ကျနော့်ရဲ့ မိဘနှစ်ပါးဟာ အကူအညီတွေ အများကြီး ပေးခဲ့ပါတယ်။ သူတို့ဟာ Hammond ကို အကူအညီပေးဖို့အတွက် ဗြိတိန်မှာ ရှိတဲ့ စေတနာ့ဝန်ထမ်း ဝန်ဆောင်မှု ဌာနတွေကိုလည်း သွားရောက်ခဲ့ကြပါတယ်” လို့ Hammond က ဆိုပါတယ်။ မိဘနှစ်ပါးရဲ့ အားပေးကူညီမှုကြောင့်သာ အခုလောက် လုပ်ဆောင်နိုင်ခဲ့တာလို့ သူက ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

“ကျနော် အသက် ၁၂ နှစ် အရွယ်တုန်းက သစ်တော ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားမှု တခုမှာ ပါဝင်ခဲ့ဖူးပါတယ်။ ကျနော်တို့ကျောင်းမှာ သစ်တောတွေ ပျက်စီးနေတာနဲ့ ပတ်သက်တဲ့ တီဗီအစီအစဉ်တခု ကြည့်လိုက်ရပါတယ်။ ဒါကြောင့် ကျောင်းသားတွေ စုပြီး ကမ်ပိန်းတခု ပြုလုပ်ပြီးတော့ စတာလင်ပေါင် ၁၀၀၀ လောက် ရှာပေးနိုင်ခဲ့ပါတယ်။  အဲဒီကမ်ပိန်းကို ကျနော် ဦးဆောင်ပြီး ပြုလုပ်ခဲ့တာပါ။ ကျနော်ရဲ့ ပိုင်ဆိုင်မှု တချို့ကိုတောင် ရောင်းချခဲ့ရပါသေးတယ်။ အဲဒီတုန်းကလည်း ကျနော့်မိဘတွေက ကူညီအားပေးခဲ့ပါတယ်” လို့ သူက ပြောပြခဲ့ပါတယ်။

Hammond ရဲ့ ပြောပြချက်တွေကို သုံးသပ်ကြည့်မယ်ဆိုရင် သူဟာ ငယ်စဉ်ကတည်းက သူ့လွတ်လပ်မှုနဲ့ အရည်အချင်းတွေကို အကူအညီ လိုအပ်နေတဲ့ သူတွေကို ကူညီတဲ့နေရာမှာ အသုံးပြုခဲ့တာကို တွေ့ရပါလိမ့်မယ်။

Bem Hammond ကတော့ သူရဲ့ ကိုယ်ခန္ဓာ လှုပ်ရှားကခုန်မှုကို လွတ်မြောက်မှု သင်္ကေတအဖြစ် အသုံးပြုပြီးတော့ ‘Free To Dance’ လှုပ်ရှားမှုကို အကောင်အထည် ဖော်နေပါပြီ။ သူဟာ ကခုန်မှုကို လွတ်မြောက်ခြင်းကို ဖော်ပြဖို့ အကောင်းဆုံး သင်္ကေတအဖြစ် အသုံးပြုပြီးတော့ သူ့လွတ်လပ်မှုကို မြန်မာ့အရေးကို အကူအညီပေးရေးအတွက် အသုံးချခဲ့တဲ့ သူအဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။
Source:mizzimaburmese

No comments:

နေ့မှာ