မူလစာမျက်နှာ

Tuesday, 17 May 2011

မုဒုံ ဗုံးကွဲအပြီး လုံခြုံရေးကျပ်

  မွန်ပြည်နယ် မုဒုံမြို့ တယ်လီဖုန်း အိပ်ချိန်းရုံး ဗုံးကွဲပြီးနောက် မုဒုံ-သံဖြူဇရပ် ကားလမ်းတလျှောက် လုံခြုံရေး တင်းကျပ်ကာ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည်။

မုဒုံ-သံဖြူဇရပ် လမ်းပိုင်းသည် ၂၂ မိုင်ကျော် ရှည်လျားပြီး မုဒုံမြို့အထွက်နှင့် သံဖြူဇရပ်မြို့အဝင်တွင် စစ်ဆေးရေးဂိတ် ၂ ခု ရှိသည်။

 ဂိတ်များတွင်လည်း စစ်တပ်၊ ရဲ၊ လဝကနှင့် အကောက်ခွန် စသည့် ပူပေါင်းအဖွဲ့များက ခရီးသွားများကို ယခင်ကထက် တင်းကျပ်စွာ စစ်ဆေးမေးမြန်းနေသည်။

 “တနေရာ စစ်သား ၃-၄ ယောက်လောက် ချထားတာ။ မုဒုံကနေ သံဖြူဇရပ် ရောက်တဲ့အထိ တလမ်းလုံးပဲ” ဟု မော်လမြိုင်မှ ပြန်လာသည့် သံဖြူဇရပ် မြို့သားတဦးက မဇ္ဈိမကို ပြောသည်။ တမိုင်ခန့်အကွာတွင် တနေရာ ချထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မေလ ၁၄ ရက် စနေနေ့ မနက် ၅ နာရီခွဲခန့်တွင် မွန်ပြည်နယ် မုဒုံမြို့အနီး တယ်လီဖုန်း အိပ်ချိန်းရုံးတွင် ပစ်ခတ်၊ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲတဦး သေဆုံးကာ အိပ်ချိန်းရုံး ဝန်ထမ်း ဦးဟန်သိန်းလည်း ဒဏ်ရာ ရရှိခဲ့သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ ပေါ်ပေါက်ပြီးနောက် ပထမဆုံး ဗုံးပေါက်ကွဲမှု ဖြစ်သည်။ မည်သည့်အဖွဲ့၏ လက်ချက် ဖြစ်သည်ကို အတည်မပြုနိုင်သေးဘဲ၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဖောက်ခွဲရေးအဖွဲ့တွင် အမျိုးသမီးတဦး အပါအဝင် အဖွဲ့ဝင် ၅ ဦး ပါဝင်သည်ဟု ဦးဟန်သိန်းနှင့် ရင်းနှီးသူတဦးက
 ပြောသည်။

လွန်ခဲ့သည့် ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင်လည်း ၎င်းအိပ်ချိန်ရုံး၌ပင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ အနီးအနားရှိ ကျုံဖိုက်၊ ဝက်တဲနှင့် ညောင်ကုန်း ရွာသားအချို့ကို ဖမ်းဆီးစစ်မေးခဲ့သေးသည်။ သို့သော် ရဲက လက်သည်ကို မတွေ့နိုင်ဘဲ ဖြစ်နေသည်။
Source:mizzimaburmese

No comments:

နေ့မှာ