မူလစာမျက်နှာ

Monday, 18 April 2011

မဲဆောက်တောင်ယာမှာ မင်းသုဝဏ် မူကြိုကျောင်းသစ်ဖွင့်

ဧပြီလ (၁၇) ရက်၊၂၀၁၁။
မဲဆောက်မြို့ မယ်ကုကျေးရွာ (၈) ရပ်ကွက် အနီး တောင်ယာများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများ၏ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် ဆရာမ ဒေါ်မြသန္တာ ဦးစီးဖွင့်လှစ်သော မင်းသုဝဏ် မူကြိုကျောင်းအားမဲဆောက် ဒုမြို့နယ်မှူး လာရောက်ပြီး ယနေ့ ဖွင့်လှစ် ပေးလိုက်ကြောင်း သိရှိရသည်။
ကျောင်းတာဝန်ခံ ဒေါ်မြသန္တာက “ဒီနေ့ ကျောင်းဖွင့်တယ် လာမယ့် (၂၀) ရက်နေ့ ဆိုရင် ကျောင်းအပ်တာ လက်ခံမယ်။ ကိုယ်ဖာသာကိုယ် ငွေစုပြီးတော့ တချို့ ကျောင်းသား မိဘတွေ အကူအညီနဲ့ ဒီကျောင်းကို ဆောက်တာပါ။ ကျောင်းသား (၇၀) လောက်ဆန့်မယ်ရှင့်။ ကျမအရင် ပြည်ချစ်ကျောင်းနဲ့  (၄၈) ကီလိုကျောင်းမှာ အခ လုံးဝမယူဘဲ ကျောင်းပြခဲ့ပါပတယ်။ ဒီမှာ ကလေးတွေ စာမသင်ရတာကို မြင်လို့ ကျမ တတ်နိုင် တာကို လုပ်မယ်ဆိုပြီး ကိုယ်ထူ ကိုယ်ထလုပ်တာပါ” ပြောသည်။
ဆရာမကြီး ဒေါ်မြသန္တာနှင့်အတူ အခြားစေတနာ့ဝန်ထမ်း ဆရာမ (၂) ဦးနှင့် ဆရာဦးမြတ်မင်းက အချိန်ပိုင်း ပြသမည် ဖြစ်ကြောင်း သိရှိရသည်။
ဆရာဦးမြတ်မင်းက “ကျနော်တို့ ဒီမူကြိုကျောင်းကို ဖွင့်လိုက်တော့ တစ်အချက် သူတို့အတွက် အလုပ်အကိုင် အဆင်ပြေသွားတယ်။ နှစ်အချက် ပညာရေး၊ ကျန်းမာရေး၊ လူနဲ့လူ့ပတ်ဝန်းကျင်မှာ ကလေးတွေ လိမ္မာပါးနပ်စွာနဲ့ ဖြတ်သန်း နိုင်ရမယ်။ သုံးအချက်က ကျနော်တို့ မင်းသုဝဏ် ကျောင်းက မူကြိုပြီးလို့ အခြားကျောင်းကို ပြောင်းသွားတဲ့ ကလေးတွေဟာ အခြားကလေးတွေထက် ထက်မြက် ထူးချွန်နေရမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းက ဖွင့်လှစ်ရတာ ဖြစ်ပါတယ်။ ကလေးမိဘတွေ မပေးနိုင်တဲ့ စေတနာ၊ ၀ါသနာ၊ အနစ်နာဆိုတဲ့ နာသုံးနာနဲ့ပါ” ဟု ပြောပြသည်။
တောင်ယာများတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား အိမ်ထောင်သည်များတွက် ကလေးများမွေးဖွားပါက အမျိုးသားက အလုပ်လုပ်ကာ အမျိုးသမီးက ကလေးငယ်ကို ပြုစု စောင့်ရှောက်နေရသဖြင့် ဇနီးမောင်နှံ (၂) ဦးစလုံး အလုပ် မလုပ်သည်ကို ထိုင်းထောင်ယာ ပိုင်ရှင်များက သဘော မကျကြချေ။ ယခု ကဲ့သို့ တောင်ယာများအနီး မင်းသုဝဏ် မူကြိုကျောင်း ဖွင့်လှစ်လိုက်သဖြင့် မယ်ကု ကျေးရွာအနီး ပတ်ဝန်းကျင်မှ မြန်မာအလုပ်သမားများအတွက် အထူး အဆင်ပြေသွားနိုင်ကြောင်း တက်ရောက်လာသည့် ကလေးမိဘ တစ်ဦးကပြောသည်။
တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်အတွင်း မြန်မာ ရွှေ့ပြောင်းအလုပ်သမား တက်ရောက် သင်ကြားနိုင်သည့် ကွန်ပျူတာ အပါအ၀င် သက်မွေး ၀မ်းကျောင်း (မှတ်ပုံတင်ပြီးနှင့် မတင်ရသေးသော ကျောင်းများပါ) စုစုပေါင်း မဲဆောက်မြို့နယ် အတွင်း (၁၀၀) ၀န်းကျင်ခန့်  ရှိသည်။ မူကြိုမှ အထက်တန်း ကျောင်းသားများ အထိ ကျောင်းသားပေါင်း နှစ်သောင်း ၀န်းကျင်ခန့် ရှိကြောင်း ထိုင်းပညာရေး ကော်မီတီစာရင်းအရ သိရသည်။ ကျောင်းသားဦးရေ (၈၀) ရှိမှ ထိုင်းအာဏာပိုင်များက အသိအမှတ် ပြုသဖြင့် မဲဆောက် မြို့နယ်အတွင်း စာသင်ကျောင်းများကို အတိအကျ ပြောဆိုနိုင်ရန် ခက်ခဲသည်။
တာ့ခ်ခရိုင် (၆) မြို့နယ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း (၄) သိန်းကျော်ခန့်  ရှိကြောင်း မဲဆောက် အခြေစိုက် မြန်မာပြည်သူများအရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA) စာရင်းအရ သိရှိရသည်။

No comments:

နေ့မှာ