မူလစာမျက်နှာ

Tuesday, 1 March 2011

မန္တလေး ဓာတ်ဆီဈေး ကျပ် ၁၅ဝဝ တက်

  မန္တလေး ပြင်ပဓာတ်ဆီပေါက်ဈေးမှာ ရက်ပိုင်းအတွင်း ကျပ် ၁၅ဝဝ ခန့်အထိ တက်သွားကြောင်း မြို့ခံများနှင့် ပုဂ္ဂလိက စက်သုံးဆီဆိုင်များက ပြောသည်။

တဂါလံ ကျပ် ၃၃ဝဝ မှ ၄၈ဝဝ အထိ ခုန်တက်သဖြင့် မှောင်ခိုဈေးကွက်တွင် ပြန်ရောင်းရန်အတွက် မော်တော်ကားများမှာ နာရီနှင့်ချီ၍ စောင့်ဆိုင်းဝယ်ယူသဖြင့် အချို့ဆိုင်များမှာ ခွဲတမ်းပြည့် မရောင်းနိုင်ဘဲ ဖြစ်ကုန်သည်။

“ခင်စောမူတိုင်ကနေ တနင်္လာနေ့မှာ မနက် ၆ နာရီကနေ
oilfuless
မန္တလေး ပြင်ပဓာတ်ဆီပေါက်ဈေးမှာ ရက်ပိုင်းအတွင်း ကျပ် ၁၅၀၀ ခန့်အထိ တက်သွားကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)
၁၁ နာရီအတွင်း တပတ်ကို တရက်၊ ၁ဝ ဂါလံ ထုတ်ပေးတာ။ ဒီနေ့သွားထုတ်တော့ ၁ဝ ဂါလံ မရဘူး၊ ၆ ဂါလံပဲ ရတယ်။ ဆိုင်ဈေးက ၂၅ဝဝ ပေါ့” ဟု ယာဉ်ပိုင်ရှင်တဦးက မဇ္ဈိမကို ပြောသည်။ ပြင်ပမှောင်ခိုဈေးကွက်တွင် ပြန်ရောင်းပါက တဂါလံ ကျပ် ၄၃ဝဝ ရသည်ဟု ဆိုသည်။



ဓာတ်ဆီသုံး ကားများသာမက ဆိုင်ကယ်များလည်း တိုးဝှေ့တန်းစီကာ ဝယ်ယူနေကြသည်။

“ခင်စောမူဆီတိုင်မှာဆို တန်းစီကြတာ ၂ မိုင်လောက်ရှိမယ်။ ဒါတောင် ရွေ့နေတာနော်။ ဆိုင်ကယ်ဆိုရင် မိန်းကလေးက အတင်းတိုးကြတော့ မှန်ကွဲ၊ မီးလုံးကွဲလို့ ရန်ဖြစ်ကြတယ်” ဟု ဆိုင်ကယ်ပိုင်ရှင် တဦးက ပြောသည်။


ယနေ့ မှောင်ခိုဈေးကွက်တွင် ဓာတ်ဆီတဂါလံမှာ ၄၈ဝဝ ကျပ်၊ ဒီဇယ် ၅၂ဝဝ ကျပ်နှင့် အောက်တိန်းဆီမှာ ၃၉ဝဝ ကျပ် ရှိကြောင်း မန္တလေး ပြင်ပဆီဈေးကွက်မှ စုံစမ်းသိရသည်။ ပုဂ္ဂလိက ဆီဆိုင်ဈေးနှုန်းမှာမူ ဓာတ်ဆီကို အစိုးရ သတ်မှတ်ဈေး  ၂၅ဝဝ ကျပ် ဖြင့် တရက်လျှင် ၄ ဂါလံနှုန်း ရောင်းချနေပြီး၊ ဒီဇယ်မှာ တဂါလံ ၄၂ဝဝ ကျပ် ဖြစ်သည်။

“မြန်မာ့စွမ်းအင်က သူတို့ (ဆိုင်) ကို ၂၃၅ဝ ကျပ်နဲ့ ခွဲတမ်းပေးတယ်။ သူတို့က ဂါလံ ၅ဝ ဒီနေ့ ရောင်းပေးတယ်၊ အဲဒါကုန်ရင် ထပ်မရောင်းပေးဘူး။ ဘောက်ဆာ မရောက်သေးဘူး၊ ဆီကုန်ပြီဆိုပြီး လုပ်တယ်။ ပြီးရင် ဈေးပိုရတဲ့ ပေပါသမားတွေကို ဒိုင်လျှိုနဲ့ ရောင်းတယ်” ဟု သိပ္ပံလမ်းရှိ ဆီလုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။



ရေနံထုတ်လုပ်ရာ အရှေ့အလယ်ပိုင်း နိုင်ငံများ၏ လတ်တလော နိုင်ငံရေးမငြိမ်သက်မှုများကြောင့် ရေနံစိမ်းဈေးနှုန်း တပေပါလျှင် ဒေါ်လာ ၁ဝဝ ခန့်အထိ ဈေးမြင့်ရာမှ လောင်စာဈေးများ ခုန်တက်ရကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

စစ်အစိုးရက စက်သုံးဆီလုပ်ငန်းများကို ပုဂ္ဂလိကလက်တွင်းသို့ ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း လွှဲပြောင်းခဲ့သော်လည်း ဈေးနှုန်းအတက်အကျကို လုပ်ငန်းရှင်များကသာ ဈေးညှိထိန်းချုပ်ထားသည်။

ရန်ကုန်တွင် ဒီဇယ်တဂါလံ တရားဝင်ရောင်းဈေးမှာ ကျပ် ၄ဝဝဝ ဖြစ်ပြီး၊ သယ်ယူပို့ဆောင်ခ ထပ်ဆောင်းသောကြောင့် မန္တလေးတွင် ဈေးပိုမြင့်ကြောင်း စက်သုံးဆီ ဖြန့်ဖြူးသူ လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

ဆီကန်များတွင် လက်ကျန်လောင်စာဆီ နည်းနေပြီး၊ မြန်မာနိုင်ငံသို့ တင်ပို့သည့် ဆီသင်္ဘောများ ဆိုက်ရောက်နိုင်ခြင်း မရှိသေးသဖြင့် တရားဝင် ဆီဆိုင်များနှင့် ပြင်ပပေါက်ဈေး ကွာဟမှု မြင့်မားလာသည်ဟု ဆိုသည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လအတွင်း စစ်အစိုးရမှ လောင်စာဆီဈေး ၅ ဆခန့် မြင့်တက်ခဲ့ရာမှ ကုန်ဈေးနှုန်း ကြီးမြင့်လာပြီး၊ ရန်ကုန်တွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သေးသည်။
Source:mizzimaburmese

No comments:

နေ့မှာ