ဝင်ငွေနည်း ပြည်သူများ ဆေးကုသခွင့်အတွက် အာမခံချက်ရှိသည့် အမျိုးသားကျန်းမာရေး စနစ်တခု ထူထောင်ရန်၊ လူမှုရေးအသင်းအဖွဲ့နှင့် စီးပွားရေး အသင်းအဖွဲ့များ ထူထောင်ရန်အတွက် လွယ်ကူရှင်းလင်းသည့် စနစ်တခု ထူထောင်ပေးရန်နှင့် သဘာဝဘေးအန္တရာယ် ကိစ္စပေါ်ပေါက်လာသော် ပြည်ထောင်စုအစိုးရက တိုက်ရိုက်ဝင်ရောက် ကူညီပေးရန်တို့ကို ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမည်ဖြစ်သည်။
အလားတူပင် အမျိုးသားလွှတ်တော်က တင်သွင်းထားသည့် ကျန်းမာရေးနှင့် ပညာရေးအဆို ၄ ခုကိုလည်း ကြာသပတေးနေ့တွင် ဆွေးနွေးမည်ဖြစ်သည်။
ဗုဒ္ဓဟူးနေ့က ပြုလုပ်သည့် လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်အမတ်များ မေးမြန်းထားသည့် မေးခွန်း ၄ ခုစီကိုလည်း သက်ဆိုင်ရာဝန်ကြီးများမှ ပြန်လည် ဖြေကြားခဲ့ကြောင်း အမတ်များကပြောသည်။
မြောက်ဦးမဲဆန္ဒနယ်မှ ဦးအောင်ထွန်းသာ၏ ရခိုင်ပြည်နယ် မြောက်ဦးရှိ ရှေးဟောင်းသမိုင်းဝင်နေရာများကို ရှေးဟောင်းနယ်မြေသတ်မှတ်ရန် UNESCO ခေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့သို့ လျှောက်ထားရန် ရှိမရှိမေးခွန်းကို အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ပေးရန်ရှိကြောင်း လက်ရှိ ယဉ်ကျေးမှုဝန်ကြီးလည်းဖြစ် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သော ဦးခင်အောင်မြင့်က ပြန်လည်ဖြေကြားသွားသည်။
ထို့ပြင် ပြည်သူ့လွှတ်တော်က မေးမြန်းထားသည့် တောင်သူလယ်သမားများ လယ်ယာမြေပိုင်ဆိုင်ခွင့်နှင့် မြေလွတ်မြေရိုင်း ဖော်ထုတ်ရေးကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက ဖြေရှင်း၍ရကြောင်း စိုက်ပျိုးရေးဝန်ကြီး ဦးဌေးဦးက ပြန်လည်ဖြေကြားသွားသည်။
ကြာသပတေးနေ့ အမျိုးသားလွှတ်တော်တွင် ရခိုင်နှင့် ကချင် လွှတ်တော်အမတ်များ၏ သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် မေးခွန်း၊ အမျိုးသားဒီမိုကရေစီအင်အားစု၏ လယ်ယာမြေနှင့် ပတ်သက်သည့် မေးခွန်းများကိုလည်း သက်ဆိုင်ရာပုဂ္ဂိုလ်များက ပြန်လည်ဖြေကြားမှာဖြစ်သည်။
အလားတူပင် ပြည်သူ့လွှတ်တော်တွင်လည်း ဆွံ့အနားမကြားသူများအတွက် ဦးခေါင်းကိုယ်လက်ဟန်သုံး စကားဖြင့် ရုပ်မြင်သံကြားများက တင်ဆက်ပေးမှု အစီအစဉ်၊ နိုင်ငံ့ဝန်ထမ်းများနှင့် ယခင်ပင်စင်စား နိုင်ငံဝန်ထမ်းများ လစာနှုန်းများ တိုးပေးရန် အစီအစဉ်ရှိမရှိ၊ လာဘ်ပေးလာဘ်ယူ အကျင့်ဆိုးများရှိနေသည့် ကိစ္စနှင့်စပ်လျဉ်းသည့် မေးခွန်းစသည်တို့ကို ဖြေကြားရန်ရှိကြောင်း လွှတ်တော်အမတ်များကပြောသည်။
အင်္ဂါနေ့လွှတ်တော်အစည်းအဝေးများ နေ့လယ် ၁ဝ နာရီတွင်စတင်ပြီး ၂ နာရီခွဲကြာမြင့်ခဲ့သည်။ လွှတ်တော်အစည်းအဝေးများ ယခုလကုန်အထိ ကျင်းပနိုင်ခြေရှိသည်ဟု အမတ်များက ခန့်မှန်းနေကြသည်။
Source:mizzimaburmese
No comments:
Post a Comment