“ကျနော်စီးလာတဲ့ ကားပေါ်မှာ အမျိုးသမီး တယောက်က မှတ်ပုံတင် မူရင်းပါမလာလို့ နေပြည်တော် ထဲကို ၀င်ခွင့် မပြုဘူး။ စီလမ်းဆုံက စစ်ဆေးရေးဂိတ်မှာပဲ နေခဲ့ရတယ်။ မှတ်ပုံတင် မိတ္တူ ပြတော့လည်း မရဘူးတဲ့။ တကယ်ဆိုရင် မှတ်ပုံတင်မူရင်းနဲ့မှ နေပြည်တော်ထဲ ၀င်ခွင့်ပြုမယ်ဆိုရင်လည်း ကြိုတင်ကြေညာ သင့်ပါတယ်” ဟု ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ရန်ကုန်မှ နေပြည်တော်သို့ သွားခဲ့သည့် ခရီးသွားတဦးက ပြောသည်။
နေပြည်တော် လွှတ်တော်တက်မည့် ကိုယ်စားလှယ် များအား တင်ဆောင်လာသည့် ယာဉ်ကို စစ်ဆေးနေစဉ် (ဓာတ်ပုံ - အေပီ)
“ကျနော်တို့ကိုလည်း နေပြည်တော် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ပြောထားတယ်။ မှတ်ပုံတင် မူရင်းမပါဘဲ မိတ္တူတို့၊ထောက်ခံစာတို့၊ ကျောင်းသားကတ်တို့နဲ့ ၀င်လာခဲ့ရင် ယာဉ်လိုင်း ပိတ်တဲ့အထိ အရေးယူမယ်လို့ ပြောထားတယ်” ဟု ယာဉ်လိုင်းတလိုင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
သို့သော် တချို့သော ခရီးသည်များမှာ လက်မှတ်ဝယ်စဉ်က မှတ်ပုံတင်မူရင်း ပါရှိသော်လည်း ကားပေါ်တက်သည့် အချိန်တွင် မှတ်ပုံတင် မူရင်းကို ယူဆောင်မလာသည့် ဖြစ်ရပ်များလည်း ရှိနေကြောင်း သိရသည်။
“တချို့ ခရီးသည်တွေက နားမလည်တော့ လက်မှတ်ဝယ်တုန်းသာ မှတ်ပုံတင်မူရင်း ယူလာတာ။ တကယ် ခရီးသွားတော့ ပါမလာကြဘူး။ ပျောက်မှာစိုးလို့ ဆိုပြီး ခရီးသွား ထောက်ခံစာတို့၊ မှတ်ပုံတင်မိတ္တူတို့ပဲ ယူလာကြတယ်” ဟု ယာဉ်လိုင်း တာဝန်ရှိသူ တဦးက ပြောသည်။
ထိုကဲ့သို့ မှတ်ပုံတင် မူရင်းများ ယူဆောင်စေခြင်းသည် နေပြည်တော်တွင် လတ်တလော ကျင်းပနေသည့် လွှတ်တော် အစည်းအဝေးများ လုံခြုံရေးအတွက်ဟုလည်း သိရသည်။
မကြာသေးမီက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင် ဗုံးကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် နေပြည်တော်တွင် လုံခြုံရေး အစီအမံများ ပိုမို ချထားကြောင်း ဒေသခံများက ပြောသည်။
“ည ညဆို ရဲကား အစီး နှစ်ဆယ်လောက် ကင်းလှည့်နေတာ တွေ့ရတယ်” ဟု နေပြည်တော် ဒေသခံတဦးက ဆိုသည်။
Source:irrawaddy
No comments:
Post a Comment