မူလစာမျက်နှာ

Wednesday, 16 February 2011

ဒေါ်လာနှင့် ရွှေဈေး ရုတ်တရက် အတက်ကြမ်း

စစ်အစိုးရအတွင်း အာဏာခွဲဝေမှုနှင့် ပတ်သက်၍ မကျေနပ်မှုများ ဖြစ်ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်လာခြင်း၊ ၀န်ထမ်း လစာများ တိုးမည်ဟူသော သတင်းများကြောင့် အမေရိကန် ဒေါ်လာနှင့် ရွှေ ဈေးနှုန်းများ ယနေ့ ခုန်တက်သွားသည်။

gold-myanmar-vendors
ရန်ကုန်မြို့လည်ရှိ ရွှေဆိုင်တဆိုင်။ ကောလာဟလသတင်းများကြောင့် ဒေါ်လာဈေးနှင့် ရွှေဈေးများ ခုန်တက်ကုန်ခြင်း ဖြစ်သည်။ (ဓာတ်ပုံ - All Voice)
ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေကြေးရောင်းဝယ်သူတဦး အဆိုအရ အမေရိကန် ဒေါ်လာသည် ယနေ့ ဈေးကွက်ဖွင့်ချိန်တွင် တဒေါ်လာလျှင် ပေါက်ဈေး ၉၃၅ ကျပ် ဖြင့် စတင်ခဲ့သော်လည်း နေ့လယ်တွင်မူ ရောင်းဈေး တဒေါ်လာလျှင် ၉၅၅ ကျပ်အထိ မြင့်တက်သွားကြောင်း၊ ဈေးအတက်ကြမ်းသဖြင့် အရောင်းအ၀ယ်များ ရပ်တန့်ထားရကြောင်း၊ ဈေးကွက်အလားအလာမှာ ၀ယ်လိုအားသာရှိပြီး ရောင်းလိုအား မရှိသည့်အတွက် ထပ်မံဈေးတက်နိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် တနင်္လာနေ့က တဒေါ်လာလျှင် ၈၈၅ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည့် အမေရိကန်ဒေါ်လာသည် အင်္ဂါနေ့တွင် ၉၁၁ ကျပ်အထိ မြင့်တက်လာခဲ့သည်။

ရွှေဈေးနှုန်းများမှာလည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက် မြင့်တက်ခဲ့ရာ ရန်ကုန်မြို့ ရွှေဘုံသာလမ်း ရွှေဈေးကွက်တွင် ယမန်နေ့က အခေါက်ရွှေ တကျပ်သားလျှင် ကျပ် ၆ သိန်း ၆ သောင်း ဖြင့် ဈေးပိတ်ခဲ့ကြောင်း၊ ယနေ့နံနက် ဈေးကွက်ဖွင့်ချိန်တွင် ၆ သိန်း ၇ သောင်း ၅ ထောင်ကျပ်ဖြင့် စတင် ဈေးဖွင့်ခဲ့ကြောင်း ရွေဘုံသာလမ်း ရွှေကုန်သည်ကြီးများအသင်းမှ ပြောသည်။

ရွှေဈေးသည် ယခု နေလယ် ၂ နာရီခန့်တွင် ရုတ်တရက် ၀ယ်ယူသူများ ပြားလာသည့်အတွက် ၆ သိန်း ၈ သောင်း ၂ ထောင် ကျပ်အထိ ထပ်မံ မြင့်တက်ခဲ့ရာ ဈေးကွက်တွင် ရွှေဆိုင်များပိတ်၍ အရောင်းအ၀ယ်များ ရပ်စဲထားခဲ့ရကြောင်း၊ ထို့နောက် ၆ သိန်း ၇ သောင်း ၅ ထောင်ကျပ် ဈေးနှုန်းသို့ ပြန်လည်ကျဆင်း၍ အဆိုပါ ဈေးနှုန်းတွင် ရပ်တန့်နေကြောင်း သိရသည်။

ထိုသို့ ဈေးနှုန်းများ အတက်ကြမ်းခြင်းသည် စစ်အစိုးရအတွင်း အာဏာခွဲဝေမှု ပြဿနာအပြင် ၀န်ထမ်းများအား လစာများ တိုးမြှင့် ပေးတော့မည်၊ ကျပ် ၁ သောင်းတန် ငွေစက္ကူအသစ် ရိုက်နှိပ် ထုတ်ဝေတော့မည်ဟူသော သတင်းများကြောင့်လည်း လူအများ စိုးရိမ်ပြီး တန်ဖိုးခိုင်မာသည့် ရွှေနှင့် အမေရိကန်ဒေါ်လာကို ပိုမိုဝယ်ယူခြင်းကြောင့် ဖြစ်သည်ဟု နိုင်ငံခြားငွေကြေး ရောင်းဝယ်သူက ရှင်းပြသည်။

လာမည့် အစိုးရသစ်အနေဖြင့် ၀န်ထမ်းလစာကို လက်ရှိ လစာထက် ၂ ဆ၊ စစ်တပ်လစာကို ၅ ဆ၊  ညွန်ကြားရေးမှူးချုပ် လစာငွေပင်လျှင် ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ပေးမည်ဆိုသော အတည်မပြုနိုင်သည့် သတင်းများကြောင့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအနေဖြင့် ဖောင်းပွလာမည့် ငွေကြေးကို ကာမိစေရန် ယခုကတည်း ရွှေနှင့် အမေရိကန်ဒေါ်လာကို ၀ယ်ယူစုဆောင်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

မကြာသေးမီက စစ်အစိုးရသည် ရွှေဈေးထိန်းညှိရန် အကြောင်းပြချက်ဖြင့် အလေးချိန် တကျပ်သားရှိ ရွှေဒင်္ဂါးပြားများကို အစိုးရ ဗဟိုဘဏ်မှ ရောင်းချပေးခဲ့သေးသည်။

ရွှေဈေးနှင့် နိုင်ငံခြားငွေကြေးဈေးနှုန်းများ တလကြမ်း မြင့်တက်သွားခြင်းကြောင့် စစ်အစိုးရအနေဖြင့် ကုန်သည်များကို ခေါ်ယူ သတိပေးခြင်း၊ ဖမ်းဆီးခြင်းများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရွှေဝယ်ယူရာတွင် လုပ်ငန်းရှင်များမှသည် သာမန်ငွေကြေး တတ်နိုင်သည့်သူများအထိ ပါဝင်လာခြင်းကြောင့် တကျပ်သားလျှင် ကျပ်ငွေ ၇ သိန်းနီးပါးအထိ မြင့်တက်နိုင်သည်ဟု ရွှေဘုံသာ လမ်းရွှေဈေးကွက်တွင် ခန့်မှန်းပြောဆိုမှုများ ရှိနေသည်။

ထိုသို့ နိုင်ငံရေး အခြေအနေ မငြိမ်သက်မှု၊ ငွေကြေးမတည်ငြိမ်မှု ဂယက်ကြောင့် လောင်စာဆီ ဈေးနှုန်းများလည်း မြင့်တက်သွားကြောင်း ဒီဇယ်ဆီဈေးမှာ ယမန်နေ့က တဂါလံ ၃၀၀၀ ကျပ်ဈေးမှ ယနေ့ ၃၄၀၀ ကျပ်၊  အောက်တိန်းဆီ ဈေးနှုန်းမှာ ၃၀၀၀ ကျပ်မှ ၃၃၀၀ ကျပ်သို့ မြင့်တက်သွားသည်ဟု လောင်စာဆီဈေးကွက်မှ သိရသည်။

ထို့အပြင် ရွှေဈေး၊ နိုင်ငံခြားငွေကြေးဈေး၊ လောင်စာဆီ ဈေးနှုန်းများ မြင့်တက်ခြင်း၊ ၀န်ဆောင်မှု စရိတ်များ မြင့်တက်ခြင်း ရာသီဥတု ဖောက်ပြန်၍ သီးနှံများ ပျက်စီးဆုံးရှုံးခြင်းကြောင့် ဆန်ဈေးသည်လည်း မြင့်တက်လာကြောင်း၊ လက်ကား ဈေးကွက်တွင် ရွှေဘို ပေါ်ဆန်းမွှေး ပိဿာ ၃၀ ပါ တတင်းခွဲ တအိတ်လျှင် ၂၇၀၀၀ ကျပ်မှ ယနေ့ ၂၉၅၀၀ ကျပ်အထိ မြင့်တက်သွားကြောင်း၊ လူတန်းစားမရွေး စားသုံးသည့် ဆန်ကြမ်းမှာလည်း အမျိုးအစားအလိုက် တအိတ်လျှင် ကျပ် ၁၀၀၀ ခန့် မြင့်တက်သွားကြောင်း ရန်ကုန်မြို့ ဘုရင်နောင်ပွဲရုံတန်းမှ ဆန်ကုန်သည်တဦးက ပြောသည်။
Source:irrawaddy

No comments:

နေ့မှာ