မူလစာမျက်နှာ

Friday, 4 February 2011

မွန်ဒေသ လယ်သမားများထံ တပ်ရိက္ခာ ကောက်ခံ

 တပ်မတော်ရိက္ခာအတွက် မွန်ပြည်နယ် မြို့နယ် ၃ မြို့နယ်ရှိ လယ်သမားများထံမှ သက်ဆိုင်ရာ မြို့နယ် မယက ဥက္ကဋ္ဌများက ငွေနှင့် စပါးများ ကောက်ခံနေကြောင်း ဒေသခံ လယ်သမားများက ပြောသည်။

ယခုလဆန်းမှစ၍ မုဒုံမြို့နယ်ရှိ ကျေးရွာအချို့တွင် လယ်တဧက တတင်းနှုန်းနှင့် ကျေးရွာအချို့တွင် တထောင်ကျပ်နှုန်း၊ သံဖြူဇရပ်မြို့နယ်တွင် တတင်းနှုန်း၊ ချောင်းဆုံမြို့နယ်တွင် တထောင်ကျပ်နှုန်း ကောက်ခံနေသည်။ တပ်မတော် ရိက္ခာအတွက် ကောက်ခံခြင်းဖြစ်ပြီး၊ မည်သည့်တပ်အတွက် ကောက်ခံသည်ကို ပြောဆိုခြင်း မရှိဟု လယ်သမားများက ဆိုသည်။

မုဒုံမြို့နယ်တွင် စပါးစိုက်ဧက ၈၆၈ဝ၃ ဧက၊ ချောင်းဆုံမြို့နယ်တွင် ၆၅၇၆ဝ ဧကနှင့် သံဖြူဇရပ်မြို့နယ်တွင် ၃၉ဝ၃၃ ဧက ရှိကြောင်း မွန်ပြည်နယ် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း ခရိုင်မန်နေဂျာရုံး (မော်လမြိုင်) ၏ စာရင်းဇယားအရ သိရသည်။

သက်ဆိုင်ရာ မြို့နယ် မယက မှ ကျေးရွာရယက ဥက္ကဋ္ဌများထံ ထိုသို့ကောက်ခံရန် ညွှန်ကြားထားပြီး ရယကဥက္ကဋ္ဌက လယ်သမားများကို အစည်းအဝေး ခေါ်ယူကာ ကောက်ခံခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် ဝါခရူကျေးရွာမှ လယ်သမားများက ပြောသည်။

မိုးဖျက်ဆီးပြီး စပါးများ ပျက်စီးနေသည့်အတွက် လယ်သမားအချို့မှာ မပေးနိုင်သော်လည်း လယ်သမားအများစုမှာ လယ်မြေ အသိမ်းခံရမည် စိုးသဖြင့် မဖြစ်မနေ ပေးကြရမည်ဟုလည်း ဆိုသည်။

“ကျနော်က မပေးနိုင်ဘူး။ မိုး ၂ ကြိမ်တောင် မိထားတယ်။ စပါးက တဝက်လောက်တောင် ပျက်တယ်။ လိုချင်ရင်တော့ မိုးမိထားတဲ့ စပါးကို ယူသွား” ဟု မုဒုံမြို့နယ် ကမာဝက်ရွာမှ ၁ဝ ဧကပိုင် လယ်သမားတဦးက ပြောသည်။

မုဒုံမြို့မှ လယ်သမားတဦးကလည်း “ကျနော်တို့ လယ်သမားတွေအတွက် လယ်လုပ်ပိုင်ခွင့်ပဲ ရှိတယ်။ လယ်ပိုင်ခွင့် မရှိဘူး။ သူတို့တောင်းတာကို မပေးရင် လယ်သိမ်းခံရမယ်။ ဒါ့ကြောင့် မဖြစ်မနေ ကြံဖန်ပြီး ပေးရမယ်” ဟု ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့မှစ၍ ၃ ရက်ဆက်တိုက် မိုးရွာသွန်းခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်တွင် ဒုတိယအကြိမ် ထပ်မံရွာသွန်းခြင်းကြောင့် ရိတ်ပြီး စပါးကောက်လှိုင်းများ၊ တလင်းထဲရှိ ကောက်ဆိုင်ပုံများ၊ နယ်ဖတ်ရန် ဖြန့်ထားသည့် စပါးများ ပျက်စီးခဲ့ရသည်ဟု သူက ဆိုသည်။

နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဌာနက ဒီဇင်ဘာလ ၁၁ ရက်နေ့ တိုင်းထွာချက်အရ မော်လမြိုင်တွင် မိုးရေချိန် ၄.ဝ၉ လက်မရှိကာ ၁၈ နှစ်အတွင်း စံချိန်တင် ရွာသွန်းမှုဟု ထုတ်ပြန်ခဲ့သေးသည်။

၁၉၆၃ ခုနှစ် လယ်ယာမြေ သီးစားချထားရေး ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကြောင့် ၁၉၅၃ ခုနှစ် လယ်လုပ်သူ လယ်ပိုင်ခွင့် ဥပဒေ ပျက်စီးခဲ့သည်။
Source:mizzimaburmese

No comments:

နေ့မှာ