မူလစာမျက်နှာ

Monday, 14 February 2011

ရာဇဝင်များရဲ့ ခွပ်ဒေါင်း စတင်ဖြန့်ချိ

 ဒီမိုကရေစီရေး လှုပ်ရှားသူများကို ရည်စူးဂုဏ်ပြုကာ ရေးသားစပ်ဆိုသည့် “ရာဇဝင်များရဲ့ ခွပ်ဒေါင်း” ဗီစီဒီသီချင်းခွေကို ကရင်လူငယ်များ အစည်းအရုံး (ကိုရီးယားဌာနခွဲ) က  တနင်္လာနေ့တွင် စတင်ဖြန့်ချိလိုက်သည်။

ကမ္ဘာ့ချစ်သူများနေ့ဖြစ်သည့် တနင်္လာနေ့တွင် ကိုရီးယား၊ ဂျပန်၊ သြစတြေးလျ၊ အမေရိကန်၊ မလေးရှား စသည့် နိုင်ငံများတွင် စတင်ဖြန့်ချိခြင်း ဖြစ်သည်။

“ရာဇဝင်များရဲ့ ခွပ်ဒေါင်းကတော့ အားလုံးသော khotdownမြန်မာပြည် စစ်ကျွန်ဖြစ် နွံနစ်မခံဘဲနဲ့ စစ်အာဏာရှင်ကို သမိုင်းအဆက်ဆက် တိုက်လာခဲ့တဲ့ ခွပ်ဒေါင်းတွေအားလုံးကို ကျနော်တို့က ရည်ညွှန်းတာပေါ့။ အဲဒီနေရာမှာ ရှမ်းလည်း မရှိတော့ဘူး၊ ကရင်လည်း မရှိတော့ဘူး၊ မြန်မာလည်း မရှိတော့ဘူးပေါ့” ဟု ဗီစီဒီတွင် ပါဝင်သည့် သီချင်းရေးသားသူ Y မြစ်ချိုက မဇ္ဈိမကို ပြောသည်။

ကိုရီးယားနိုင်ငံတွင် တခွေလျှင် ယွမ်ငွေ ၁ဝဝဝဝ နှုန်းဖြင့် ရောင်းချမည်ဖြစ်ပြီး၊ အခြားနိုင်ငံများတွင် သင့်တင့်သော ဈေးနှုန်းဖြင့် ဖြန့်ချိသွားမည်ဟု ကရင်လူငယ်များ အစည်းအရုံး (ကိုရီးယားဌာနခွဲ) မှ ကိုစောကျော်သက်ထွန်းက ပြောသည်။

ဗီစီဒီခွေတွင် တေးသီချင်း ၁၁ ပုဒ် ပါဝင်ပြီး၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ကရင်အမျိုးသား အစည်းအရုံး KNU မှ ခေါင်းဆောင် ပဒိုမန်းရှာ (ကွယ်လွန်) အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူများကို ဂုဏ်ပြုစပ်ဆိုသည့် သီချင်းများ၊ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဟန်ဆောင် အရပ်သား အစိုးရ ဖွဲ့စည်းခြင်းအပြင် မြန်မာပြည် ခေတ်ပျက်သူဋ္ဌေးများအကြောင်း ရေးဖွဲ့ထားသည်။

“ခေတ်ပျက်သူဋ္ဌေးက ဘယ်လိုလဲဆိုတော့ ဇေကမ္ဘာဦးခင်ရွှေတို့၊ ဦးတေဇတို့၊ မက်ခ်ဇော်ဇော်တို့၊ ယုဇနက ပုဂ္ဂိုလ်တွေတို့ တော်တော်များပါတယ်၊ ဗီဒီစီထဲမှာ။ သူတို့ပုံတွေ ထိုးထားတယ်။ နောက်ပြီးတော့ ကရင်ထဲက ဆိုလို့ရှိရင် ဗိုလ်မှူးချစ်သူတို့ ဘာတို့တောင် ထည့်ထားတယ်။ နောက် စိန်စီသော ညထဲက မင်္ဂလာဆောင်တဲ့ ဟာတွေ။ အဲဒီလူတွေ ကြွယ်ဝချမ်းသာပြီး လက်ညှိုးထိုးမလွဲ ပျော်ပါးနေတဲ့အချိန်မှာ ဆင်းရဲငတ်ပြတ်နေတဲ့ ပြည်သူတွေ ကျနော်တို့ မီးမောင်းထိုးပြ ယှဉ်ပြတယ်” ဟု Y မြစ်ချိုက ပြောသည်။

သူက ဆက်ပြီး  “ဒီလူတွေက ဒီလိုပျော်ပါး၊ ဒီလိုစားသောက်၊ ဒီလိုကြွယ်ဝချမ်းသာ၊ ဒီလိုနေထိုင်နေတဲ့ အချိန်မှာ ပြည်သူတွေက ဒီလိုဖြစ်၊ မိန်းကလေးတွေရဲ့ ဘဝက ပြည့်တန်ဆာတွေ၊ ယောက်ျားလေးတွေရဲ့ ဘဝက ကလေးစစ်သားလိုလို၊ အမှိုက်ပုံထဲမှာ ခေါင်းထိုးပြီး ရှာနေရတဲ့ ဘဝတွေ။ အဲဒီလိုမျိုးပေါ့နော်” ဟု ပြောဆိုသည်။

တနင်္လာနေ့တွင် KNU အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာ ကွယ်လွန်ခြင်း ၃ နှစ်ပြည့်ဖြစ်ပြီး၊ ၂ဝဝ၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားနှစ်ဦးက ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ သူ၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သဖြင့် ကွယ်လွန်ခဲ့သည်။ ပဒိုမန်းရှာ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီဖြစ်ပြီး သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

ဗီစီဒီတွင်  Hip Hop, Rock, Slow Rock, Country, R &B စသည့် ဂီတအမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး၊ ထိုင်း-မြန်မာနယ်စပ်နှင့် ကိုရီးယားတွင် အချို့သီချင်းများ ရိုက်ကူးသွင်းယူခဲ့သည်။ အဆိုတော်များအဖြစ် Y မြစ်ချို၊ သူသူ၊ စိန်သွား၊ MC, AJ, KHO, SHANBALA BAND တို့က ပါဝင်သီဆိုထားပြီး တေးရေးများအဖြစ် Y မြစ်ချို၊ မိုးစက်နီ၊ သူရိတ်ထက်၊ စိန်သွား၊ MC, AJ တို့ ဖြစ်သည်။

“ယုံကြည်ချက်နဲ့ တိုက်ခိုက်ကြမယ်…မျှော်လင့်ခြင်းနဲ့ စည်းလုံးခြင်းရယ်…ညီအစ်ကိုချင်း တိုင်းရင်းသားတွေ စုစည်းဖို့ အချိန်တန်ပြီ…ဒါတို့ပြေ…ဒါတို့မြေ…တို့ပိုင်တဲ့ပြည်…ဒါတို့ခြံ…ဒါတို့အလံ… တို့ စောင့်ရှောက်မယ်လေ…”  အဲဒီလို ပုံစံလေးပေါ့ဗျာ။ ‘အလံတော်သစ်သည်’ ဆိုတာ ဟို Country လေးပေါ့ဗျာ။ အလံတော်သစ်ဆီမှာ အခု သူတို့ (စစ်အစိုးရ) က အလံတော်ကို ဘုမသိ ဘမသိ ပြောင်းထားတယ်။ ဘာဥပဒေမှလည်း မရှိ၊ ညာဥပဒေမှလည်း မရှိ။ ယတြာချေသလိုလို ဘာလိုလိုနဲ့” ဟု တေးရေး၊ တေးဆို Y မြစ်ချို က ပြောသည်။

အမေရိကန်ဒေါ်လာ ၃ဝဝဝ ခန့်ကုန်ကျခဲ့သည့် အဆိုပါ ဗီဒီစီအား အကျိုးအမြတ်အတွက် ရည်ရွယ်ဖြန့်ချိခြင်း မဟုတ်ဘဲ ရောင်းချရသည့် ငွေများကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များထံ ကူညီလှူဒါန်းသွားမည် ဖြစ်သည်။

“တို့ပြည်သူတွေ ဒီလိုခံစားနေရပါလား၊ ဒါတွေလည်း တို့တတွေ အတူတကွ ခံစားနေရပါလား။  ဒါကြောင့် ပြည်တွင်းပဲဖြစ်ဖြစ်၊ ပြည်ပပဲဖြစ်ဖြစ် လူငယ်တွေ၊ လူလတ်တွေ၊ အနာဂတ် မျိုးဆက်တွေ၊ ဒါမျိုးတွေ ကြည့်ြ့ပီး သူ့တို့စိတ်ထဲမှာ လွတ်မြောက်ချင်စိတ်တွေ၊ တိုင်းပြည်ကို စစ်ကျွန်ဘဝကနေ လွတ်မြောက်ချင်စိတ်တွေ၊ မျိုးချစ်စိတ်တွေ၊ တိုင်းပြည်ချစ်စိတ်တွေ၊ နိုးကြားတက်ကြွလာခြင်းသာ ကျနော်တို့အတွက် အမြတ်ဖြစ်မယ်” ဟု တေးစီးရီးတွင် ပါဝင်ခဲ့သူ တဦးက ပြောသည်။
Source:mizzimaburmese

No comments:

နေ့မှာ