“ဒီနေ့မှာ မနေ့က ဗိုလ်ချုပ်တင်အေးကို အဆိုပြုတာကို ကန့်ကွက်တဲ့သူ မရှိတဲ့အတွက် ဒီနေ့ အတည်ပြုလိုက်တယ်။ အစည်းအဝေးက ကျနော်တို့ ၁၅ မိနစ်ပဲ ကြာပါတယ်” ဟု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ် ဦးခင်ရွှေက မဇ္ဈိမကို ပြောသည်။
ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် အဆိုတင်သွင်းခံရသော ဒေါက်တာထွန်းရှင်
“ကိုယ်တို့ NDF ပါတီ (အမျိုးသားဒီမိုကရေစီအင်အားစု) က ကိုခင်မောင်ရီ လွှတ်တော်ရုံးကို လှမ်းမေးတယ်။ လှမ်းမေးတဲ့ အခါကျတော့ လွှတ်တော်အမတ်ကလည်း ထွက်ပြီးသား၊ ပါတီဝင်အဖြစ်ကလည်း ထွက်ပြီးသားလို့ ပြန်ဖြေတယ်တဲ့” ဟု NLD အမတ်တဦးဖြစ်သူ ဒေါ်ခင်ဝိုင်းကြည်က မဇ္ဈိမကို ပြောသည်။
ဦးတင်အေးသည် တပ်မတော်သားဟောင်းနှင့် ကြံ့ခိုင်ရေးပါတီဝင်ဟောင်း ဖြစ်နေသဖြင့် ရွေးကောက်ပွဲ ကာလအတွင်း ကြံ့ခိုင်ရေးပါတီမှ ကြိုတင်မဲများပြုလုပ်ကာ မဲမသမာမှုများ ပြုလုပ်သည်ဟူသော စွပ်စွဲချက်များအပေါ် တရားမျှတစွာ ဖြေရှင်းနိုင်မည် မဟုတ်ဟု အတိုက်အခံ အမတ်အချို့က ယူဆသည်။
သို့သော် ဒေါ်ခင်ဝိုင်းကြည်ကမူ ဦးတင်အေးကို အလားအလာ ကောင်းသူတဦးအဖြစ် ရှုမြင်သည်။
“ဘယ်သူ့ကိုတော့ ကော်မရှင်ဥက္ကဋ္ဌ၊ ဘယ်သူ့ကိုတော့ ခုံရုံးဥက္ကဋ္ဌ စသည်ဖြင့် တင်လိုက်တဲ့အခါမှာ ပြည်သူလူထုက ယုံကြည်လို့ ရွေးပြီးတင်လိုက်တဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ စဉ်းစားကြမယ်၊ တိုင်ပင် ဆွေးနွေးကြမယ်ဆိုတာ ရှိတယ်လေ။ ဒီအတိုင်းကြီးတော့ ဥပက္ခာပြုမထားဘူးလေ။ အခု သူကတော့ တော်တော်လေး Fair ဖြစ်တယ်လို့ အသံကြားတယ်ပေါ့နော်။ အဲဒါကြောင့် အလားအလာ ကောင်းမယ်လို့ ထင်ရတယ်လေ” ဟု သူက ပြောသည်။
ကျားဖြူ ခေါ် ရှမ်းအမျိုးသားများ တိုးတက်ရေးပါတီ SNDP မှ လွှတ်တော်အမတ်တဦးဖြစ်သူ ဦးစိုင်းဆောင်ဆီကမူ ဝေဖန်ရန် စောသေးသည်ဟု ဆိုသည်။
“သူတို့ လုပ်ငန်းစလုပ်ပြီးမှ၊ ဆုံးဖြတ်တာတွေကို ကြည့်ပြီးတော့မှ ပြောလို့ရမှာပါ။ လုပ်ငန်းအသစ်နဲ့ လူအသစ်ပေါ့နော်၊ မလုပ်သေးဘဲနဲ့တော့ ဝေဖန်ရတာ သဘာဝ သိပ်မကျပါဘူး။ သူ့လုပ်ရပ်ကတော့ လမ်းပြမြေပုံ အချက် ၇ ချက်ပြီးလို့ အစိုးရ ပြောင်းသွားရင်တော့ ထင်သာမြင်သာရှိတဲ့ ကိစ္စလေးတွေလည်း ပေါ်လာမှာပါ။ အဲဒီတော့မှ အဖြေတွေ၊ ပုံရိပ်တွေ ထွက်လာမှာပါ” ဟု ပြောဆိုသည်။
သောကြာနေ့ လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ရှေ့နေချုပ်အဖြစ် ဒေါက်တာထွန်းရှင်ကို သမ္မတ ဦးသိန်းစိန်က အဆိုပြု တင်သွင်းခဲ့သေးသည်။
“ပြည်ထောင်စု ရှေ့နေချုပ်အဖြစ်ကို ဒေါက်တာထွန်းရှင်ကို အဆိုပြုတယ်။ အရင်က ဒုရှေ့နေချုပ်ပေါ့လေ။ အမြဲတမ်း ပြည်ပကို သွားနေတဲ့ ပုဂ္ဂိုလ်ကြီး၊ တော်လည်း တော်ပါတယ်။ အဲဒီပုဂ္ဂိုလ်ကို သမ္မတကြီးကနေ အဆိုပြုသွားတယ်။ တကယ်လို့ ကန့်ကွက်မယ်ဆိုရင် မနက်ဖြန် ညနေ လာကန့်ကွက်နိုင်ပါတယ်” ဟု ဦးခင်ရွှေက ပြောသည်။
ဒေါက်တာထွန်းရှင်သည် မြန်မာနိုင်ငံ အစိုးရရှေ့နေချုပ်ရုံး၏ ဒုတိယရှေ့နေချုပ်အဖြစ် တာဝန်ယူထားကာ၊ ၂ဝဝ၈ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင်အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ သူ့ကို ဥရောပသမဂ္ဂ EU က ပြည်ဝင်ခွင့် ပိတ်ပင်ထားသည်။
ပြီးခဲ့သည့်လ ၃၁ ရက်နေ့မှ စတင်ခဲ့သည့် လွှတ်တော်အစည်းအဝေးများသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ကို လွှတ်တော်အမတ်များ မသိရသေးသော်လည်း ယခုလကုန်တွင် ပြီးစီးနိုင်ကြောင်း ဦးစိုင်းဆောင်ဆီက ခန့်မှန်းသည်။
“လကုန်ပေါ့။ အခုလောလောဆယ် တဆင့်ချင်း သွားနေတာကိုး။ ဥပမာ ဒီနေ့လိုမျိုးဆိုရင် ပြည်ထောင်စု ကော်မရှင် ဥက္ကဋ္ဌကို အတည်ပြုလိုက်ပြီး ရှေ့နေချုပ်ကို အမည်စာရင်းတင်သွင်း၊ စနေ တနင်္ဂနွေ နားဆိုတော့ တိုင်းပြည်ရဲ့ ပြည်ထောင်စုအဆင့်ဆိုတော့ အခုမနက်ပဲ တင်သွင်းပြီး ညနေ ထောက်ခံလို့ မရဘူး။ အတည်ပြုလို့ မရဘူးလေ။ လက်တွေ့ကတော့ ဒီလိုပဲသွားရမှာပါ” ဟု သူက ဆိုသည်။
သောကြာ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသူ လွှတ်တော်အမတ် ၆၅၈ ဦးအနက် ၆၅၄ ဦး တက်ရောက်ခဲ့သည်။
Source:mizzimaburmese
No comments:
Post a Comment