ဖေဖေါ်ဝါရီလ (၂၈) ရက်၊ ၂၀၁၁။
မိုးမိုးကျော် (Arakan Review)
မိုးမိုးကျော် (Arakan Review)
ယမန်နေ့ည (၇) နာရီ ကျော်ခန့်တွင် အင်းစိန်မြို့နယ်၊ ကမ်းနားလမ်းအလယ် ရပ်ကွက် အောင်ဇေယျ အိမ်ရာ အနီးရှိ ကွမ်းယာဆိုင်တွင် ဗုံးပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး ဗုံးအား သည်ဆောင်လာသူမှာ ရခိုင်အမျိုးသား ရမ်းဗြဲဇာတိ ဖြစ်ကြောင်းသိရသည်။
ပေါက်ကွဲမှုကြောင့် ကလေး (၂) ဦး အပါအ၀င် စုစုပေါင်း (၅) ဦး ဒဏ်ရာ အပြင်းအထန် ဒဏ်ရာ ရရှိသွားပြီး အသေ အပျောက် မရှိကြောင်း သိရှိရသည်။
ဗုံးသည်ဆောင်လာသည်ဟု စွပ်စွဲ ခံထားရသူမှာ အသက် (၃၀) အရွယ်ခန့်ဟု ခန့်မှန်းရပြီး ယခုထက်တိုင် သတိ မရသေးကြောင်း၊ မင်္ဂလာဒုံဆေးရုံ အရေးပေါ် ခွဲစိတ်ဆောင်တွင် စရဖအဖွဲ့မှ အလှည့်ကျ စောင့်ကြည့်မှုအောက် ထားရှိကြောင်း ဆေးရုံဝန်ထမ်း တဦး အပြောအရ သိရသည်။
အင်းစိန်မြို့နယ်တွင် တာဝန်ထမ်းဆောင်နေသော ရခိုင်အမျိုးသား ရဲ ၀န်ထမ်းတဦးက “ဒီလူ သယ်လာတာ ဟုတ် မဟုတ်တော့ အတည် မပြုရသေးပါဘူး။ တာဝန်ရှိတဲ့ လူကြီးတွေ အပြောအရတော့ အခကြေးငွေ ကျပ် (၅) သိန်းယူပြီး သယ်လာတာလို့ သိရတယ်။ နယ်စပ်က သယ်လာတာလား၊ ရန်ကုန်ထဲမှာပဲ အသယ်အပို့ လုပ်တာလား ဘယ်အဖွဲ့အစည်းနဲ့ ဆက်စပ်ပြီးလုပ်တာလဲဆိုတာ စုံစမ်းတုံးပဲ ရှိပါသေးတယ်။ ပေါက်ကွဲတဲ့အချိန် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေ အပြောအရတော့ သူဆိုင်ထဲဝင်လာပြီး အထုပ်ကို ချလိုက်တဲ့ အချိန် ပေါက်ကွဲတယ်လို့ သိရပါတယ်။ ဟုတ် မဟုတ် အတည်ပြုပေးဖို့တော့ ခက်တယ်” ဟု ပြောပြသည်။
ပေါက်ကွဲမှုဖြစ်တိုင်း ကရင်အမျိုးသားအစည်းအရုံး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး စသည်တို့ကို စွပ်စွဲလေ့ရှိသော စစ်အစိုးရ အနေဖြင့် ယခုအကြိမ်တွင် နယ်စပ်ရှိ ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း စွပ်စွဲလာနိုင်ကြောင်း ရန်ကုန် ရခိုင်အသိုင်းအ၀ိုင်းတွင် ထင်မြင်ချက်များ ထွက်ပေါ်နေကြောင်း၊ ရန်ကုန်ရှိ ရခိုင်အိမ်တချို့တွင် ဧည့်စာရင်းဝင်စစ်ခြင်း၊ ရခိုင် ဘုန်းကြီးကျောင်းများတွင် ဧည့်သည် လက်မခံဖို့ သတိပေးခြင်း၊ ၁၁ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူများအား ခရီး သွားလာရာတွင် ယခင်ထက် ပိုပြီး တင်းတင်းကြပ် စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
(ရန်ကုန်ရောက် ရခိုင်အမျိုးသားတဦးမှ ပေးပို့ပါသည်။)
Source:arakanreview
No comments:
Post a Comment