လမ်းလျှောက် ဆန္ဒပြပွဲကို ထိုင်း-မြန်မာ လူအခွင့်အရေးအဖွဲ့များ၊ HIV/AIDS အကူအညီပေးရေးအဖွဲ့များ နှင့် လိင်တူ ချစ်သူ အခွင့်အရေး အဖွဲ့များက ဦးဆောင်ခဲ့ကြပြီး လိင်တူချင်းစုံမက်သူ အမျိုးသမီး၊ အမျိုးသားများ၊ လိင်တူ လိင်ကွဲ ၂ မျိုးလုံး စိတ်ဝင်စားသူနှင့် ဆန့်ကျင်ဘက် လိင်အဖြစ်ပြောင်းလဲ ခွဲစိတ်ထားသူများ လူစည်ကားသည့် ချင်းမိုင်ညဈေးကို ပတ်၍ ငြိမ်းချမ်းစွာ လမ်းလျှောက်ခဲ့ကြသည်။
ချင်းမိုင်တွင် ၂ဝဝ၇ မှ စတင်ခဲ့သည့်
လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုတို့ ပပျောက်ရေးအတွက် ပါဝင်ဆင်နွှဲနေသည့် လိင်တူချစ်သူများ (photo :: Mizzima)
“အဲဒီနေ့က ကျနော်တို့အတွက်မမေ့ နိုင်စရာ ရက်တရက်ပဲ၊ ဒါကြောင့် ဒီလို လိင်တူချစ်သူတွေကို ပစ်မှတ်ထားပြီး မုန်းတီးနေတဲ့ စိတ်ထားတွေ အကြမ်းဖက်တဲ့ ခွဲခြားဖိနှိပ်မှုတွေ နောက်ဆက်မရှိစေဘို့ ဒီအခမ်းအနားကို ထိုင်းတွေနဲ့ ပူးပေါင်းပြီးလုပ်တာပါ” ဟု ကိုနော်နော်က မဇ္ဈိမကိုပြောသည်။
၂ဝဝ၉ ဖေဖေါ်ဝါရီ ၂၁ က ထိုင်းအစိုးရကို ကန့်ကွက် ဆန္ဒပြနေသည့် ရှပ်နီအဖွဲ့များက “လိင်တူ ချစ်သူတွေဆိုတာ ချင်းမိုင်မြို့ရဲ့ယဉ်ကျေးမှုကို ပျက်စီးစေတဲ့အရာ” ဟု ကန့်ကွက် ဆန္ဒပြခဲ့သဖြင့် ဆန္ဒပြသူများအကြား ပိတ်မိနေသည့် လိင်တူချစ်သူများကို ထိုင်းအာဏာပိုင်များအကူအညီဖြင့် ကယ်ထုတ်ခဲ့ရသည်။
လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုတို့ ပပျောက်ရေးအတွက် ပါဝင်ဆင်နွှဲနေသည့် လိင်တူချစ်သူများ (ဓာတ်ပုံ - Rainbow Colors of Burma)
“အခုလို လမ်းလျှောက် ချီတက်ဆန္ဒပြခြင်းဖြင့် လိင်တူချစ်သူတွေဟာ လူသားတွေထဲက လူပဲဆိုတာကို အားလုံးက လက်ခံအောင် ကိုယ့်ကို ဖယ်ကြဉ်တဲ့ပုံစံတွေ မလုပ်ရအောင် ပါခဲ့တယ်” ဟု ယင်းပွဲတွင် ပါဝင်ခဲ့သည့် လိင်တူချစ်သူ မြန်မာအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။
လိင်တူချစ်သူများအပေါ် ခွဲခြား ဖိနှိပ်မှုများ မြန်မာနိုင်ငံတွင် ရှိနေသော်လည်း လူအခွင့်အရေး ဖွံ့ဖြိုးတိုးတက်မှု အားနည်းသည့် နိုင်ငံဖြစ်သည့်အတွက် ထိုင်းနိုင်ငံကဲ့သို့ ဆန္ဒထုတ်ဖေါ်ခွင့် ရမည် မဟုတ်ကြောင်း လူအခွင့် အရေး ပညာပေး ဌာန (HREIB) က ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။
“မြန်မာနိုင်ငံမှာ လူ ၅ ယောက်တောင် စီတန်းလှည့်လည်လို့မရတဲ့ အခြေအနေမျိုးဖြစ်နေတော့ အခုလို စီတန်း လှည့်လည်ဖို့က ဖြစ်လာမှာမဟုတ်ဘူး။ နောက်တခုက အခွင့်အရေးဆိုတဲ့ စကားလုံးကို ကြားလိုက်တိုင်း ဒူးတုန်အောင်ကြောက်နေတဲ့ စစ်ဗိုလ်ချုပ်တွေက ဘာအခွင့်အရေးပဲလာလာ ခွင့်ပြုမှာမဟုတ်ဘူး” ဟု ဦးအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။
လူ့အခွင့်အရေး ကင်းမဲ့နေသည့် မြန်မာပြည်၌ လိင်တူချစ်သူများ၏ အခွင့်အရေးများကို အလေးမထားမှုများ ရှိနေသော်လည်း ပြည်ပရောက် မြန်မာ့အဖွဲ့အစည်းများ၊ မြန်မာများအကြား လွန်ခဲ့သည့် နှစ် ၂ဝ ကထက် ပို၍ နားလည်မှု ပေးလာသည်အထိ ပြောင်းလဲလာပြီ ဖြစ်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် လိင်တူချင်း ချစ်သူများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့သည့် ဥပဒေ ရှိခဲ့သော်လည်း ၁၉၉၇ တွင် ဥပဒေပယ်ဖျက်ခြင်း၊ မြန်မာ့အမျိုးသမီး သမဂ္ဂကလည်း လိင်တူချစ်သူများကို အဖွဲ့ဝင် ဖြစ်ခွင့်ပေးခြင်း၊ မြန်မာနိုင်ငံ အနာဂတ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင်လည်း “လိင်စိတ် ကွဲပြားသူများကို ခွဲခြားမှု မရှိစေရ” ဟူသည့် ပြဋ္ဌာန်းချက် ထည့်သွင်းပေးသည်အထိ ပြောင်းလဲလာခဲ့သည်။
Source:mizzimaburmese
No comments:
Post a Comment