မူလတန်းပြဆရာတစ်ဦး၏ ပုံမှန်လစာဖြင့် စားစရိတ်ကို ၁၀ ရက်မျှပင် မဖူလုံသည့်အတွက် ညနေပိုင်းများတွင် ဆိုက်ကားနင်းနေရကြောင်း ဆရာဦးဌေးဇော်က မောက္ခသို့ပြောပြခဲ့သည်။
“ညနေပိုင်းတွေမှာ ကျနော် ၃၊ ၄ နာရီလောက် အငှါးဆိုက်ကားနင်းပါတယ်။ ကလေး ၂ ဦးနဲ့ မိသားစုစရိတ်အတွက် မလုပ်လို့မရပါဘူး။ ကျနော့် ကျောင်းဆရာလစာငွေ ကျပ် ၃ သောင်းကျော်က အိမ်ငှားနေရတာနဲ့တင်ကုန်ပါတယ်။ စနေ။ တနင်္ဂနွေနေ့တွေဆိုရင် လက်သမားလိုက်ပါတယ်။”
ကျူရှင်ဖွင့်ရန် အဆင်မပြေသည့် အချို့သော နယ်မြို့များရှိ ဆရာဆရာမများမှာလည်း ကျောင်း မတက်မီနှင့် ကျောင်းဆင်းချိန်များတွင် လမ်းဘေးဈေးသည်အဖြစ် လုပ်ကိုင်နေရကြောင်းသိရသည်။
မြန်မာကျောင်းဆရာများ၏ လစာမှာ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံမှ ကျောင်းဆရာဆရာမများ၏ လစာနှင့် ၁၀ ဆမျှ ကွာခြားကြောင်း၊ သို့သော် လူနေမှုစရိတ်မှာမူ အတူတူခန့်ပင် ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့အတွက် မြန်မာကျောင်းဆရာများသည် အပြင်အလုပ် ၂ ခု၊ ၃ ခုခန့်ကို လုပ်မှသာ ရှင်သန်ရပ်တည်နိုင်ကြကြောင်း ပြောပြကြသည်။ ဤအခြေအနေမှာ စာသင်ကြားရေး အရည်အသွေးကို များစွာ ထိခိုက်လျက်ရှိပါသည်။
မြန်မာကျောင်းဆရာအများစုကြီးမှာ စိတ်ဓါတ်ပိုင်း လွန်စွာ ကျဆင်းနေရကြောင်းနှင့် အမျိုးသားကျောင်းဆရာဦးရေမှာ ၅ ရာခိုင်နှုန်းအောက်သို့ပင် ရောက်ရှိနိုင်ကြောင်း ပညာရေးသုတေသီများက ဆိုသည်။ ၀င်ငွေလစာနိမ့်ပါးလွန်းခြင်း၊ စာသင်ကြားရသည့် တာဝန်ကြီးလေးခြင်းနှင့် မည်သူမျှ အထင်မကြီးနိုင်သည့် အလုပ်ဖြစ်နေရခြင်းတို့ကြောင့် အမျိုးသားကျောင်းဆရာများ ရှားပါးခြင်းကို ရင်ဆိုင်ရခြင်းဖြစ်သည်။
“လဖက်ရည်ဆိုင်မှာ ကျနော်ကျောင်းဆရာပါလို့ လူသိရှင်ကြား မပြောပြရဲဘူးဗျာ။ သိပ်ရှက်စရာကောင်းလှတဲ့ အလုပ်တစ်ခုလို့ အထင်ခံရနိုင်တယ်။ မင်းမှာ အခြားဒီထက် လုပ်တတ်တာ မရှိဘူးလားဆိုတဲ့ မျက်နှာပေးနဲ့ အကြည့်ခံရဖူးတယ်။” ကျောင်းဆရာအလုပ်စွန့်လာသူ ကိုမင်းလှိုင်က ပြောပြခဲ့သည်။
တရားဝင်ထုတ်ပြန်သော စာရင်းများအရ ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း အခြေခံပညာကျောင်း အရေအတွက်မှာ ၄၀၆၇၉ အထိတိုးတက်လာပြီး၊ ကျောင်းသားဦးရေ စုစုပေါင်း ၈.၀၇ သန်း၏ ပညာရေးကို ဆရာ၊ ဆရာမဦးရေ ၂၆၆၀၀၀ ဦး၏ ကြီးကြပ်မှုဖြင့် လမ်းညွန် သင်ကြားလျက် ရှိသည်ဟု သိရသည်။
သို့ရာတွင် ကျေးလက်ဒေသများနှင့် တောင်ပေါ်ဒေသများတွင် ဆရာ မလုံလောက်ခြင်းကို နှစ်စဉ်ရင်ဆိုင်နေရသည်။ ထို့အပြင် ကျောင်းနေအရွယ် ကလေးငယ် ၃ ပုံ၊ ၁ပုံခန့် ဖြစ်သည့် ၃ သန်းကျော်မှာ ကျောင်းတက်ခွင့် ဆုံးရှုံးနေရပြီး မိသားစုဝင်ငွေအတွက် ကလေးလုပ်အားစေခိုင်းခံနေရကြောင်း သုတေသန လေ့လာချက်များအရ သိရသည်။
Source:maukkha
No comments:
Post a Comment