မူလစာမျက်နှာ

Monday, 28 February 2011

နိုင်ငံခြားသား စေတနာ့ဝန်ထမ်း ၂ ဦးကို ဖမ်းဆီးထား

စေတနာ့ ဝန်ထမ်းအဖြစ် ကူညီနေသော နိုင်ငံခြားသား ၂ ဦးကို ပြီးခဲ့သည့် သီတင်းပတ် အတွင်းက စစ်အစိုးရမှ ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ပေးသေးခြင်း မရှိကြောင်း သိရသည်။

အဆိုပါ နိုင်ငံခြားသား ၂ ဦးသည် ဒေါက်တာ စိုင်းဆမ်ထွန်း၏ အလွတ်ပညာသင် ကျောင်းတွင် စေတနာ့ဝန်ထမ်း အဖြစ် ကူညီနေသူများ ဖြစ်ကြောင်း၊ ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်းနှင့် မည်သည့် နိုင်ငံသားလက်မှတ် ကိုင်ဆောင် ထားသည်ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြည်တွင်းမှ စာနယ်ဇင်းသမားတဦးက ပြောသည်။

အဆိုပါ စာနယ်ဇင်းသမားက “အရင်က နိုင်ငံခြားသားကို ဖမ်းပြီးရင် လေဆိပ်ကနေ ပြန်တင်ပို့ပေးလိုက်တာချည်းပဲ။ အခုဟာက နည်းနည်းကြာနေပြီး ဘာမှ အသေးစိတ်ကို သိခွင့်မရအောင် သတင်းလိုက်လို့ကိုမရတာ”  ဟု ပြောသည်။

နိုင်ငံခြားသားများကို CIA (အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ) နှင့် ပတ်သက်သည်ဟု သံသယရှိသဖြင့် ယခင် ရက်သတ္တပတ်ကတည်းက ရန်ကုန်မြို့တွင် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ စိုင်းဆမ်ထွန်းသည် Alpine ရေသန့်လုပ်ငန်း ပိုင်ရှင်ဖြစ်ပြီး ရတနာပုံ ဘောလုံးအသင်း ပိုင်ရှင်တဦးလည်းဖြစ်ကြောင်း၊ ပညာရေးဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ကျောင်းတည်ထောင်ကာ နိုင်ငံတကာမှ စေတနာဝန်ထမ်းများကည်း ထိုကျောင်းတွင် အင်္ဂလိပ်စာအပါအ၀င်၊ နိုင်ငံတကာ ဗဟုသုတများကို ပို့ချသင်ကြားပေးကြောင်း သိရသည်။

မြန်မာစစ်အစိုးရသည် မသင်္ကာသူ နိုင်ငံခြားသားများကို ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်လေ့ရှိပြီး စစ်ဆေးမေးမြန်းပြီးပါက ပြည်နှင်ဒဏ်ပေးလေ့ရှိကြောင်း လေ့လာသူများက ပြောသည်။

၂၀၀၉ ခုနှစ် မေလက ရန်ကုန်အမေရိကန် စင်တာ အစီအစဉ်ဖြင့် မန္တလေးတွင် သင်တန်းပေးလျက်ရှိသော ဓာတ်ပုံ သတင်းထောက် ဂျယ်ရီ ရက်ဖန်း (Jerry Redfern) နှင့် ဇနီး ဖြစ်သူ စာရေးဆရာမ ကာရင်ကုတ်စ် (Karen Coates) တို့ ၂ ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး အဆိုပါနှစ် ဒီဇင်ဘာလတွင် ရန်ကုန်မြို့ အမေရိကန် စင်တာ၌ အင်္ဂလိပ်စာ သင်ကြားပေးနေသော မစ္စ ခရစ္စတီးနား (Christina) ကိုလည်း ပြည်နှင်ဒဏ် ပေးခဲ့ဖူးသည်။
Source:irrawaddy

No comments:

နေ့မှာ