မူလစာမျက်နှာ

Saturday, 5 February 2011

အလုပ်ကြမ်း စေခိုင်းရန် ဘူးသီးတောင်မှ အကျဉ်းသား ၈၀ ကို မြို့နယ်ကျော်၍ ပို့ဆောင်

2/5/2011 
ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်မှ အကျဉ်းသား ၈၀ ဦးကို အလုပ်ကြမ်းခိုင်းစေရန် ဇန္န၀ါရီလ ပထမအပတ်က စစ်တွေသို့ CNO မော်တာဘုတ်ဖြင့် ယူဆောင်သွားခဲ့ကြောင်း သတင်း ရရှိသည်။

ထောင်နှင့် နီးစပ်သူ တစ်ဦးက “သူတို့ကို ဇန္န၀ါရီလ ၁ ရက်နေ့က CNO မော်တာဘုတ်နဲ့ စစ်တွေကို ခေါ်ယူသွားတာ ဖြစ်တယ်။ သိရသလောက်ဆိုရင် စစ်တွေကတဆင့် သူတို့ထဲက ထောင်သား ၃၀ ကို ပုဏ္ဏားကျွန်းကို ပို့လိုက်ပြီး နောက်ထပ် ထောင်သား ၅၀ ကိုတော့ မြေပုံမြို့နယ်ဘက်ကို ပို့လိုက်တယ်လို့ သိရပါတယ်” ဟု ပြောသည်။

အဆိုပါအကျဉ်းသားများကို ပုဏ္ဏားကျွန်းမြို့နယ် ရာဘာစိုက်ခင်းများတွင် အသုံးပြုရန်နှင့် မြေပုံမြို့နယ်တွင် ငမန်းရဲကျွန်းတွင် ပုဇွန်တာ များ၊ဆားတွင်းများ၊ စစ်တပ်ပိုင် တခြား လယ်ယာ စိုက်ပျိုးခင်းများတွင် အလုပ်ကြမ်းစေခိုင်းရန်အတွက် ဖြစ်သည်ဟု သိရသည်။

“ထောင်အာဏာပိုင်တွေက ပိုက်ဆံမပေးနိုင်တဲ့ ထောင်သား ၈၀ ကို ရွှေးပြီး ပို့လိုက်တာ ဖြစ်ပါတယ်။ မလိုက်နိုင်တဲ့သူတွေ၊ မလိုက်လိုတဲ့ ထောင်သားတွေ အနေနဲ့ တစ်ဦး ပိုက်ဆံ ကျပ် ၅၀၀၀၀ ကနေ ၇၀၀၀၀ ထိပေးရပါတယ်။ အဲဒီ ထောင်အာဏာပိုင်တွေက တောင်းတဲ့ ပိုက်ဆံကို ထောင်သားတိုင်းက ပေးနိုင်ကြတာ မဟုတ်ဘူး။ တယောက်တလေမှ ပေးနိုင်တယ်။ မပေးနိုင်ရင် လိုက်သွားရတာပါဘဲ” ဟု သူကပြောသည်။

ယခု လုပ်ရပ်ကို ကျင့်သုံး ဆောင်ရွက်နေသူများမှာ ယခုလက်ရှိ တာဝန် ကျနေသည့် ထောင်ပိုင်ကြီး တင့်လွင်နှင့် ထောင်မှူးကြီး သူရထိုက်တို့ ဖြစ်ကြောင်း သိရသည်။

ယခုလို အကျဉ်းသားများကို ထောင်ကထုတ်ပြီး အဝေးတနေရာသို့ အလုပ်ကြမ်းခိုင်းစေရန် ပို့ဆောင် နေခြင်းမှာ နိုင်ငံတော်ဥပဒေနှင့် မကိုက်ညီသည့်အပြင် တဖက်မှာလည်း သွယ်ဝိုက်ပြီးတော့ လူ့အခွင့်အရေးကို အကြီး အကျယ် ချိုးဖေါက်ရာ ရောက်နေကြောင်း စစ်တွေမြို့မှ ဥပဒေပညာ အရှိ တဦးကပြောသည်။

Source:narinjara

No comments:

နေ့မှာ