မူလစာမျက်နှာ

Tuesday, 1 February 2011

ရတပ ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင် ဒုတိယသမ္မတလောင်း အမည် စာရင်း တင်သွင်းခံရမူ အပေါ် ရခိုင်ပြည်သူများ စိတ်ဝင်စား

2/1/2011
Adjust font size:  

ရခိုင်တိုင်းရင်းသားများ တိုးတက် ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်အား အမျိုးသား လွှတ်တော်တွင် ဒုတိယ သမ္မတလောင်း အဖြစ် အမည်စာရင်း တင်သွင်းခံရခြင်း အပေါ် ရခိုင်လူထု အကြား စိတ်ဝင်စားမူ အထူးတိုးပွားနေကြောင်း သိရသည်။


Dr-Aye-Mg
စစ်တွေမြို့နယ် အမှတ် (၂) ပြည်နယ် လွတ်တော် အမတ်လည်း ဖြစ်၊ စစ်တွေမြို့နယ် အတွင်းရေးမှူးလည်း ဖြစ်သော ဦးအောင်မြကျော်က “ ခုလို တင်သွင်းခံရတဲ့ အပေါ်မှာတော့ ပြိုင်တဲ့ အခါ နိုင်မှာ မဟုတ်ပေမယ့် လူတွေကတော့ စိတ်ဝင်စားမူ ရှိကြပါတယ်။ ရခိုင်အမျိုးသား ကိုယ်စားလှယ် တစ်ဦး ဒုတိယ သမ္မတလောင်း တင်သွင်းခံရတဲ့ အတွက် ဘယ်လို ဖြစ်လာမလဲဆိုတာ စစ်တွေမှာ လူတွေက ပြောဆို ဝေဖန်မူတွေ ရှိနေပါတယ်” ဟု ပြောသည်။

၎င်းပြင် ဦးအောင်မြကျော်က ယခုကဲ့သို့ ဒေါက်တာ အေးမောင်အား ဒုတိယ သမ္မတလောင်း အဖြစ် အမည် တင်သွင်းခံရခြင်း အပေါ် သူ့အမြင်ကို ယခုကဲ့သို့ ပြောသည်။

“ ကျနော် အမြင်ကတော့ ခုလို တင်သွင်းခံရပေမယ့် ရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ကြံ့ခိုင်ရေး ပါတီက လွတ်တော် ၂ ရပ်စလုံးမှာ အသာစီးရထားပြီးဆိုတော့ မဲစနစ်နဲ့ သွားရင် ဘယ်သူမှ ကြံ့ခိုင်ရေးကို ကျော်ပြီး နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ဘဲ နိုင်သွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားလွှတ်တော်မှာ ကျွန်တော်တို့ ပါတီ ဥက္ကဌကို တိုင်းရင်းသား မဟာမိတ်တွေက ဒုတိယ သမ္မတလောင်း အဖြစ် အမည် စာရင်း တင်သွင်းတဲ့ အပေါ်မှာတော့ ရတပ ပါတီအနေနဲ့ ၀မ်းမြောက် ဂုဏ်ယူမိပါတယ်” ဟု ပြောသည်။

ဒေါက်တာ အေးမောင်မှာ ရသေ့တောင်မြို့နယ် အောင်ဆိပ် ကျေးရွာ ဇာတိဖြစ်ပြီး သူ့ကို ၁၉၅၇ ခုနှစ် နိုဝင်္ဘာလ တစ်ရက်နေ့တွင် မွေးဖွားခဲ့သည်။ တိမွေးကု ဌာနတွင် ဒုတိယ ညွန်ကြားရေးမှူး အဆင့်ထိ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ယခု လက်ရှိ စစ်တွေ အိုးတန်း ရပ်ကွက်တွင် နေထိုင်နေကြောင်း သိရသည်။

စစ်တွေမြို့မှ တခြား ကျောင်းသား တစ်ဦးကလည်း “ လူတွေက အခုတလော သမ္မတ ဘယ်သူ ဖြစ်လာမလဲ။ အစိုးရ ၀န်ကြီးတွေက ဘယ်သူ ဖြစ်လာမလဲဆိုပီး ရေဒီယို သတင်းတွေကို အာရုံစူးစိုက် နားထောင်နေကြပါတယ်။ သူတို့အထဲက လူတွေဘဲ ဖြစ်လာမယ်။ ခါးဝတ် ပုဆိုးသာ လဲသွားပီး ဘာမှ ပြောင်းလဲ လာမှာ မဟုတ်ဘူးဆိုပီး လူတွေက သိထားပေမယ့်လည်း တိုင်းပြည်နဲ့ဆိုင်တဲ့ ကိစ္စဆိုတော့ လူတွေက စိတ်ဝင်စားကြပါတယ်။ အခု တစ်ခါ ဒေါက်တာ အေးမောင် ဒုတိယ သမ္မတ လောင်း အဖြစ် တင်သွင်းခံရတယ်ဆိုတော့ ရခိုင် လူထုတွေကတော့ ပိုပြီး စိတ်ဝင်စားသွားတဲ့ အနေအထား ဖြစ်သွားပါတယ်” ဟု ပြောသည်။

ယနေ့ နေပြည်တော်တွင် ကျင်းပနေသော ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တွင် ဒုဥက္ကဌ အမည်စာရင်းများကို တင်သွင်းရာ အမျိုးသား လွှတ်တော်တွင် ဒေါက်တာ အေးမောင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အတူ ဒုတိယ သမ္မတ လောင်း အဖြစ် အမည် စာရင်း တင်သွင်းခံရသည်။

တခြားအမည် စာရင်း တင်သွင်းခံရသူများမှာ ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် ဖလုံ-စဝေါ် ဒီမို ကရက်တစ် ပါတီမှ စောသိန်းအောင်တို့ တင်သွင်းခံရပြီး စစ်ဘက် ကိုယ်စားလှယ်များက နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးကို တင်သွင်းသည်ဟု သိရသည်။

အမည်စာရင်း တင်သွင်းခံရသူများထဲမှ လာမည့် ကြာသပတေးနေ့တွင် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်မည် ဖြစ်သည်။ 

Source:narinjara

No comments:

နေ့မှာ