မူလစာမျက်နှာ

Saturday, 5 February 2011

တလအတွင်း ပဲတတန်လျှင် ကျပ် ၁ သိန်း ဈေးကျ

ရန်ကုန် ဘုရင့်နောင် ပဲဈေးကွက်တွင် တလအတွင်း ပဲတတန်လျှင် ကျပ် ၁ သိန်းခန့် ဈေးပြုတ်ကျသွားကြောင်း ကုန်သည်ကြီးများထံမှ သိရသည်။

ဒီဇင်ဘာလက မတ်ပဲ (SQRC) တတန်လျှင် ၉၈၀၀၀၀ ကျပ်၊ မတ်ပဲ (RC) တတန်လျှင် ၇၃၀၀၀၀ ကျပ် ၀န်းကျင် ရှိခဲ့သော်လည်း ဇန်န၀ါရီ လလယ်ပိုင်းတွင် မတ်ပဲ (SQRC) တတန်လျှင် ကျပ် ၈၇၀၀၀၀ ၀န်းကျင်ခန့်၊ မတ်ပဲ (RC) တတန်လျှင် ၇၁၀၀၀၀ ကျပ် အထိ ကျဆင်းခဲ့သည်။

Farm
ပြည်တွင်းမှ ပဲစိုက်ခင်း တခု။ (ဓာတ်ပုံ - Polular News)
ထို့အပြင် ပြည်ပပို့သည့် ပဲတီစိမ်း၊ ပဲစင်းငုံ စသည်တို့လည်း ဈေးနှုန်းများ အဆက်မပြတ် ကျဆင်းခဲ့သည်ဟု သိရသည်။

“ပဲစင်းငုံ ၃ တင်းဝင် တအိတ်ကို အရင်က ၇၉၀၀၀၀ ကျပ်လောက်ရှိတယ်။ အခုဆို တအိတ်ကို ကျပ် ၆၇၀၀၀၀ ပဲ ရှိတော့တယ်။ တအိတ်ကို ၁ သိန်း လောက်ကျသွားတာ” ဟု ဘုရင့်နောင်မှ Export ပဲကုန်သည် တဦးက ပြောသည်။

ပဲဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေသောကြောင့် ပဲကုန်သည်များ အနေဖြင့် လာမည့် ပဲပေါ်ရာသီတွင် ကြိုရောင်း၊ ကြိုဝယ်ကိစ္စများ မပြုလုပ်ကြရန်၊ ပဲဈေးကစားခြင်းများ မပြုလုပ်ရန်နှင့် ကြိုရောင်းကြိုဝယ် ကိစ္စများ၊ ဈေးကစားခြင်းများ ပြုလုပ်ပါက အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ကုန်စည်ဒိုင်များ အားလုံးကို ပဲကုန်သည်ကြီးများအသင်းက ခေါ်ယူသတိ ပေးထားကြောင်း သိရသည်။

“ဇန်န၀ါရီလ နောက်ဆုံးအပတ်ထဲမှာ ခေါ်ပြောတာ။ အဓိကကတော့ ဈေးမကစားဖို့ပဲ” ဟု ဘုရင့်နောင်မှ ပဲကုန်သည် တဦးက ပြောသည်။

ယခု လက်ရှိတွင် ပြည်ပ ပဲပေါက်ဈေးနှင့် ပြည်တွင်း ပဲပေါက်ဈေး တူညီနေသောကြောင့် ပြည်ပသို့ ပဲတင်ပို့ရာတွင် တွက်ခြေ မကိုက်ကြောင်း ၎င်းက ဆိုသည်။

ပြည်ပသို့ ပဲတင်ပို့သည့် လုပ်ငန်းများတွင် စစ်ဗိုလ်ချုပ်သားသမီး တချို့၏ အစုရှယ်ယာများလည်း ပါဝင်နေကြောင်း သိရသည်။

ယခုအခါ ပြည်ပသို့ ပဲစင်းငုံများ တင်ပို့မှု များနေကြောင်း၊ အိန္ဒိယတွင် ပဲစင်းငုံ အထွက်ကောင်းမည်ဟု ခန့်မှန်း ထားခဲ့သော်လည်း ရာသီဥတုဖောက်ပြန်မှု၊ မိုးရွာသွန်းမှုတို့ကြောင့် အထွက်နှုန်း လျော့နည်းပြီး အရည်အသွေး ကျဆင်းလာသည့်အတွက် မြန်မာပဲများ တင်ပို့ ရောင်းချနေရကြောင်း ပဲကုန်သည်များက ပြောသည်။

၂၀၀၈ ခုနှစ်အတွင်းက ပဲဈေးကွက်အတွင်း ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်ပြီး စုစုပေါင်း ကျပ် သန်း ထောင်ပေါင်းများစွာ လိမ်လည်မှုများဖြစ်ပွားခဲ့ရာ ကုန်သည် အများအပြား အလိမ်ခံခဲ့ရပြီး တဦးလျှင် ငွေကျပ် သိန်း ထောင်နှင့်ချီ၍ အလိမ်ခံခဲ့ရသည်။

သို့သော် ပဲအရောင်းအ၀ယ် လောကတွင် စစ်အစိုးရနှင့် နီးစပ်သူများ ပါဝင်ပတ်သက်နေသောကြောင့် ထိုစဉ်က ဖြစ်ပွားခဲ့သည့်  ငွေကြေး လိမ်လည်မှုများကို ထိရောက်စွာ အရေးမယူနိုင်ခဲ့ဘဲ ၂၀၀၉ ခုနှစ်မှစ၍ ပဲဈေးကွက်အတွင်း ယုံကြည်မှု ပြန်လည် တည်ဆောက်ယူခဲ့ကြရသည်။
Source:irrawaddy

No comments:

နေ့မှာ