မူလစာမျက်နှာ

Wednesday, 12 January 2011

ထိုင်းများ မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ယာယီပိတ်

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်းနိုင်ငံသား တဦးကို ယမန်နေ့က ပြန်ပေးသဘောမျိုး ဖမ်းဆီးထားပြီးနောက် ထိုင်းအာဏာပိုင်များက ၎င်းတို့၏ နိုင်ငံသားများကို တာ့ခ်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် တားမြစ်လိုက်သည်။

တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ ဆမတ် လွိုင်ဖာ က မြန်မာနိုင်ငံဘက်ခြမ်းတွင် အစိုးရတပ်များနှင့် ကရင် တပ်များကြား တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ထိုင်းနိုင်ငံသားများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် ယာယီ ပိတ်လိုက်ခြင်းသာ ဖြစ်ကြောင်း၊ အခြေအနေများ ပြန်လည် ကောင်းမွန်ပါက ပြန်ဖွင့်ပေးမည် ဖြစ်ကြောင်း ထိုင်းသတင်းဌာန Thai News Agency (TNA) သို့ ပြောသည်။

ထိုင်းနိုင်ငံသား၊ နိုင်ငံရေးသမား မစ္စတာ ခရိုင်ယန် ဆတ် ကို DKBA က ဖမ်းဆီးထားပြီး ထိုင်းဘတ် ၃ သိန်းဖြင့် ၎င်းအား ပြန်ရွေးရန် တောင်းဆိုသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။

မစ္စတာ ခရိုင်ယန် ဆတ် သည် ယမန်နေ့က DKBA တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ငွေကြေးကိစ္စ ဆွေးနွေးရန် နယ်ခြားကို ဖြတ်သန်း ဝင်ရောက်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။

မစ္စတာ ခရိုင်ယန် ဆတ်သည် တာ့ခ် ခရိုင်၊ အုန်းဖျံဒေသရှိ တေးပါပိုရွာသားတဦးဖြစ်ပြီး ထိုင်းနိုင်ငံရေး ပါတီတခုဖြစ်သည့် Ruamajai Pattana ပါတီဝင် တဦးလည်းဖြစ်သည်။

DKBA ကမူ မစ္စတာ ခရိုင်ယန်ဆတ်သည် ၎င်းတို့အပေါ်တွင် အကြွေးတင်နေမှုများ ရှိနေသောကြောင့် ထိုသို့ ငွေကြေးတောင်းဆိုခြင်း ဖြစ်သည်ဟု ပြောထားသည်။

ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် နအဖ တပ်များနှင့် DKBA တပ်များ၏ တိုက်ပွဲအတွင်း အစိုးရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ထိုင်းအာဏာပိုင်များက ထိုင်း-မြန်မာ နယ်ခြားကော်မတီမှတဆင့် မြန်မာအာဏာပိုင်များထံသို့ ကန့်ကွက်စာတစောင်ကိုလည်း ယမန်နေ့က ပို့ခဲ့ကြောင်း သိရှိရသည်။
Source:irrawaddy

No comments:

နေ့မှာ