မူလစာမျက်နှာ

Monday, 3 January 2011

ဒိန်းမတ်နိုင်ငံနှင့် အိန္ဒိယ မီဇူရမ်တွင်လည်း ရခိုင် အချုပ်အချာ အာဏာကျဆုံးနေ့ကျင်းပ

1/3/2011
၂၂၆ နှစ်မြောက် ရခိုင့်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ အခမ်းအနားများကို ဒိန်းမတ်နိုင်ငံနှင့် အိန္ဒိယ မြန်မာနယ်စပ် မီဇူရမ်တွင်လည်း ကျင်းပခဲ့ကြသည်ဟု သတင်း ရရှိသည်။ ဒိန်းမတ် နိုင်ငံတွင် ရခိုင့်ဝံသာနု စာပီအသင်းမှ ကြီးမှူးပြီး (Hørve) ဟော်ဝီမြို့တွင် ကျင်းပခဲ့သည်။

ဒိန်းမတ်နိုင်ငံတွင် ကျင်းပရသည့် ရည်ရွယ်ချက်ကို ရခိုင့်ဝံသာနုစာပီအသင်းမှ နာယက ဦးခိုင်မျိုးထွန်းက ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ လူမျိုးဟာ နှစ်ပေါင်း ၅၀၀၀ ကျော် ကိုယ့်မင်းကိုယ့်ချင်း ကိုယ်ထီးနန်းနဲ့ နေထိုင်ခဲ့တဲ့ လူမျိုး တစ်မျိုး ဖြစ်ပါတယ်။ ဒီလို နေထိုင်ခဲ့တဲ့ လူမျိုးတစ်မျိုးဟာ အခုအချိန်မှာ တိုင်းပျောက်၊ ပြည်ပျောက် လူမျိုးပါ ပျောက်မယ့် ကိန်းဆိုက်ရောက်နေတဲ့ အတွက် ရခိုင်တွေရဲ့ သမိုင်းကြောင်းနဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဥရောပက လူတွေ သိစေချင်သလို ကျွန်တော်တို့ နောင်လာမယ့် မျိုးဆက်သစ်တွေကို သိရှိစေလိုတဲ့ အတွက် ခုလို နှစ်စဉ် နှစ်တိုင်း ရခိုင်ပြည် အချုပ်အချာအာဏာ ကျဆုံးရတဲ့နေ့ကို ဒိန်းမတ်နိုင်ငံမှာ ကျင်းပရတာ ဖြစ်ပါတယ်။”

အခမ်းအနားကို ဒီဇင်္ဘာ ၃၁ ရက်နေ့ ဒိန်းမတ် စံတော်ချိန် နေ့လည် ၁ နာရီမှ ၃ နာရီအထိ အောင်မြင်စွာ ကျင်းပခဲ့ပြီး အခမ်းအနားကို ASWA - DK နာယက ကိုခိုင်ယူဝင်းမှ အဖွင့်အမှာ စကားပြောကြားပြီး၊ ရခိုင့်ဘုရင့် နိုင်ငံတော် အချုပ်အခြာ အာဏာကျဆုံးသည့် အကြောင်းအရင်းကို ASWA - DK တာဝန်ခံ ကိုတင်ညွန့်မှ အကျယ်တ၀င့် ရှင်းပြခဲ့ကြောင်း သိရသည် ။

ASWA - DK ဒုတာဝန်ခံ ကိုညီညီလင်းမှလည်း ထုတ်ပြန်ထားသော ကျေညာချက် (statement) ကို ဖတ်ကြား ပြီးနောက် ရခိုင်ပြည်၏ လက်ရှိအခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။

အခမ်းအနားတွင် ရခိုင့်အမျိုးသားများ ကိုယ်စား ရခိုင့်ဝံသာနု စာပီအသင်းမှ နအဖ စစ်အစိုးရအား အချက် (၈) ချက်ပါ တောင်းဆိုချက်ကို ထုတ်ပြန်ပြီး အဆိုပါ အချက်များကို အမြန်ဆုံး ဆောင်ရွက်ရန် နအဖ စစ်အစိုးရကို တောင်းဆိုထားကြောင်း သိရသည်။

အခမ်းအနားသို့ ရခိုင် အမျိုးသား ၂၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

အလားတူ အခမ်းအနား တရပ်ကိုလည်း အိန္ဒိယနိုင်ငံရှိ မီဇူရမ်ဒေသ အတွင်း မြန်မာ နယ်စပ် အနီးတွင် တည်ရှိသည့် ဘာဇီးကိုင်းကျေးရွာတွင် ဒီဇင်္ဘာလ ၃၁ ရက်နေ့က ကျင်းပခဲ့ကြသည်။ ယခု အခမ်းအနားမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒေသခံ ပြည်သူ လူပေါင်း ၂၀၀ ကျော်တက် ရောက်ခဲ့ ကြောင်းသတင်းရရှိသည်။

Source:narinjara

No comments:

နေ့မှာ