မူလစာမျက်နှာ

Wednesday, 5 January 2011

ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ် ယာဉ်အန္တရာယ် အလွန်ကြီးမား

2011-01-05
လွန်ခဲ့တဲ့ သုံးနှစ်ကမှ စတင်ဖောက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ်ဟာ မြန်မာနိုင်ငံမှာ ယာဉ်တိုက်မှု အများဆုံးနဲ့ မော်တော်ယာဉ် တိမ်းမှောက်မှုတွေကြောင့် လူထိခိုက်သေဆုံးမှု အဆိုးဆုံး ဖြစ်တယ်လို့ ခရီးသွား ပြည်သူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
(Photo: AFP)
ယာဉ်များ မောင်းနှင်သွားလာနေစဉ် နေပြည်တော်သွား အဝေးပြေးလမ်းမကြီးကို အလုပ်သမားများ ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒီအဝေးပြေးလမ်း ဖောက်လုပ်ရေးအတွက် MEC မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းနဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးတွဲတာဝန်ယူခဲ့ပေမဲ့ အဆောက်အဦ ဒီဇိုင်းလက်ခံအတည်ပြုရေး အပါအဝင် အဓိက ကြီးကြပ် ကွပ်ကဲခဲ့သူဟာ MEC ရဲ့ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ စစ်အစိုးရ အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်တယ်လို့ သိရပါတယ်။ လမ်းသစ်ဖွင့်လှစ်ပြီး ဒီအဝေးပြေးလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုတွေကြောင့် သေဆုံးဒဏ်ရာရသူ အရေအတွက် ဘယ်လောက် ရှိသွားပြီဆိုတာကို စစ်အစိုးရက မထုတ်ပြန်ပေမဲ့ ယာဉ်တိုက်မှုတွေက နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေဆဲလို့ ဒေသခံတွေက ပြောပါတယ်။
အခုလို ရန်ကုန်-နေပြည်တော်လမ်းဟာ နောက်ဆုံးမှ ဖွင့်လှစ်ခဲ့တဲ့ လမ်းသစ်ဖြစ်ပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က ဖွင့်လှစ်ခဲ့တဲ့ တခြား အဝေးပြေးလမ်းဟောင်းတွေထက် မတော်တဆမှုတွေ အဆိုးဝါးဆုံး ရောက်သွားတဲ့အဓိက အကြောင်းရင်းဟာ လမ်းဆောက်လုပ်ရေး ဒီဇိုင်းမှားယွင်းမှုနဲ့ နိုင်လွန်ကတ္တရာမခင်းပဲ ကွန်ကရစ်လမ်းအဖြစ် အသုံးပြုနေမှု၊ လမ်းအချိုးအကွေ့တွေမှာ အတိမ်းအစောင်းမရှိ ပြင်ညီဖြစ်နေမှု စတဲ့ အဝေးပြေးလမ်းမတွေမှာ ရှိရမဲ့ စံနှုန်းသတ်မှတ်ချက်နဲ့ မကိုက်ညီတာကြောင့်လို့ ကျွမ်းကျင်သူတွေ ထောက်ပြကြပါတယ်။
Source:rfa

No comments:

နေ့မှာ