မူလစာမျက်နှာ

Monday, 20 December 2010

စ၀်သုစန္ဒီဆု ပထဦးဆုံး သျှမ်းအမျိုးသမီး SWAN မှရရှိ

တတိယအကြိမ်မြောက်ချီးမြှင့်သော Sao Thusandi Young Leadership Award ကို ပထမဦးဆုံး အမျိုးသမီး ဆုရှင် အဖြစ်သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN မှ နန်းမွမ်းကိန် က ရရှိကြောင်း သိရှိရပါသည်။
“SWAN မှာ အလုပ်လုပ်ရင်း ခေါင်းဆောင်တွေ လူကြီးသူမတွေရဲ့ သွန်သင်ဆုံးမမှုကြောင့် အခုလို ဆုရရှိတာဖြစ်ပါ တယ်။ ဆုရရှိတဲ့အတွက်လဲ ၀မ်းသာပါတယ်။ Burma Lifeline နဲ့ Inge ကိုလဲ အထူးကျေးဇူးတင်ပါတယ်” ဟု နန်းမွမ်းကိန်က ဆုချီးမြှင့်ခြင်းအခမ်းအနား၌ ပြောကြားသွားပါသည်။
စ၀်သုစန္ဒီ လူငယ့်ခေါင်းဆောင်ဆု ချီးမြှင့်ခြင်းအခမ်းအနား
ဒီဇင်ဘာ ၁၉ ရက် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် တစ်နေရာ၌ စ၀်သုစန္ဒီလူငယ့်ခေါင်းဆောင်ဆု (Sao Thusandi Young Leadership Award)ချီးမြှင့်ခြင်းအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။ ၂၀၀၈ မှစ၍ Burma Lifeline က လူထုအကျိုး သယ်ပိုးပေးသည့် ထူးချွန်လူငယ် တစ်နှစ်တစ်ဦး နှစ်စဉ်ဆုချီးမြှင့်ခဲ့ရာ ပထမဦးဆုံးအကြိမ် စိုင်းဖူးမိဏ်း က ၂၀၀၈ ၌ လည်းကောင်း၊ ဒုတိယအကြိမ် စိုင်းဆိုင်ဖန်း က ၂၀၀၉ ၌လည်းကောင်းရရှိခဲ့ပြီး တတိယအကြိမ်တွင်မူ   နန်းမွမ်းကိန် က ရရှိခဲ့ပါသည်။

၂၀၁၀ အတွက် Sao Thusandi Young Leadership Award ဆုရှင် SWAN မှ ပညာရေးတာဝန်ခံ (education coordinator) နန်းမွမ်းကိန် ကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။    ။ နန်းမွန်းကိန် အခုလို Sao Thusandi Young Leadership Award အခုလိုဆုရရှိတဲ့အတွက် ဘယ်လို ခံစားရပါသလဲရှင့်။
ဖြေ။    ။ ကျမ ဒီလိုဆုရတဲ့အတွက် ၀မ်းသာတယ်ပေါ့နော်။  ကိုယ့်အဖွဲ့အစည်းအတွက်ရော ကိုယ့်အသိုင်းအ၀ိုင်းအ တွက်ရော ကျမဂုဏ်ယူမိတယ်။ ဒီဆုက ကျမတစ်ယောက်တည်းအတွက်မဟုတ်ဘူးလေ။ အဖွဲ့အစည်းရော၊ အသိုင်း အ၀ိုင်းရော အားလုံးအတွက်ပါ။

မေး။    ။ ဒီဆုရရှိဖို့အတွက် ကိုယ်တိုင်တင်ပြရသလား ဒါမှမဟုတ် တခြားသူက ရွေးချယ်ပြီး တင်ပေးသလားရှင့်။
ဖြေ။    ။ တခြားသူက ကျမကိုရွေးချယ်ပြီး တင်ပေးတာပါ။

မေး။    ။ ဘယ်လိုအရည်အချင်းကြောင့် ဒီဆုကိုရရှိခဲ့တယ်လို့ ထင်ပါသလဲရှင့်။
ဖြေ။    ။ ကလေးတွေအတွက်ရော၊ သျှမ်းဒုက္ခသည်တွေအတွက်ပါ ပညာရေးလုပ်ငန်းတွေမှာ လုပ်ဆောင်ပေးခဲ့တဲ့ အတွက်ကြောင့် ဒီဆုကိုရရှိခဲ့တယ်လို့ ကျမထင်ပါတယ်။

မေး။    ။ ဘာတွေများ လေ့လာသင်ယူခဲ့၊လုပ်ဆောင်ခဲ့ဖူးပါသလဲရှင့်။
ဖြေ။    ။ ကျမ အသက် ၁၇ နှစ် ၂၀၀၁ ကတည်းက SWAN ကို ၀င်ရောက်ပြီး intern အဖြစ် တစ်နှစ်အလုပ်သင် လေ့လာတယ်။ ဒီအဖွဲ့အစည်းမှာဘဲ အလုပ်ဆက်လုပ်ဖြစ်တယ်။ ၂၀၀၅ မှာ foreign affair training  တစ်နှစ် သွားတက်ခဲ့တယ်။ ပြန်လာတော့ ပညာရေးလုပ်ငန်းအစီအစဉ် လုပ်ဆောင်ခဲ့တယ်။ ပညာရေးပိုင်းမှာ တာဝန် ထမ်းဆောင်လာတာ ၄ နှစ်ကျော်ပါပြီ ။ အခုလဲ ကျမ ပညာရေးလုပ်ငန်းမှာဘဲ လုပ်ဆောင်နေပါတယ်။

မေး။    ။ ဒီဆုကနေတဆင့် လူငယ်တွေအတွက် ဘာတွေများလုပ်ဆောင်ပေးဖို့ စီစဉ်ထားပါသလဲရှင့်။
ဖြေ။    ။ ပညာသင်ယူဖို့ အခွင့်အရေးမရှိသေးတဲ့ ကလေးတွေအတွက် ကျောင်းတွေဖွင့်ပေးမယ်။ သင်ထောက်ကူ ပစ္စည်းတွေရရှိဖို့အတွက် ကြိုးစားလုပ်ဆောင်ပေးမယ်။

မေး။    ။ အသက်နဲ့ ပညာအရည်အချင်းကို ပြောပြစေချင်ပါတယ်ရှင့်။
ဖြေ။    ။ ကျမ အသက် ၂၆ နှစ်ပါ။ ပညာအရည်အချင်းတော့ ၁၀ တန်းအောင်ပါ။

မေး။    ။ သျှမ်းလူငယ်တွေကို ဘာများမှာကြားချင်ပါသလဲရှင့်။
ဖြေ။    ။ SWAN က ညီမငယ်တွေကို မှာချင်တာက SWAN မှာ အလုပ်လုပ်ရင် မသိဘူး၊ မတတ်ဘူးဆိုတာ မရှိစေရ ဘူး။ ကြိုးစားလုပ်သွားပါ။ အမှားတွေရှိရင်လဲ ပြင်ဆင်ပြီး ဆက်လက်လုပ်ဆောင်သွားပါ။ ကိုယ့်ရဲ့အမှားတွေ သင်ခန်း စာယူပြီး ဆက်လက်လုပ်ဆောင်သွားဖို့။ သျှမ်းလူငယ်တွေ ဘယ်နေရာမှာဘဲ အလုပ်လုပ် ကြိုးစားပြီး တစိုက်မတ်မတ်နဲ့ ကိုယ့်ရဲ့ယုံကြည်ချက်အတိုင်း အားမလျှော့တမ်းလုပ်ဆောင်သွားကြစေချင်ပါတယ်လို့လဲ မှာချင်ပါတယ်။

အခုလို အချိန်ပေးပြီး စိတ်ရှည်စွာ ဖြေကြားပေးတဲ့ နန်းမွမ်းကိန်ကို ကျေးဇူးတင်ပါတယ်ရှင်။

Burma Lifeline ဥက္ကဋ္ဌ စ၀်သုစန္ဒီ သည် ၁၉၃၂ ၌ မွေးဖွားခဲ့၏။ သြစတေးလျနိုင်ငံသူ ကက်တလစ်ဘာသာဝင်ဖြစ်ပြီး ယခုအခါ ဗုဒ္ဓသာသာကိုးကွယ်လျက်ရှိသည်။ နာမည်ရင်းမှာ Inge Eberhard ဖြစ်သည်။  ၁၉၅၁ ၌ အမေရိကန် မှပေး သော Fulbright Scholarship ရရှိသဖြင့် ကျောင်းတက်စဉ် သီပေါစော်ဘွား စ၀်ကြာဆိုင်နှင့် တွေ့ဆုံခဲ့ပြီး ၁၉၅၄ တွင် သျှမ်းပြည်သီပေါသို့ အတူပြန်လာကာ လက်ထပ်ထိမ်းမြားခဲ့သည်။  ၁၉၆၂ တွင် စ၀်ကြာဆိုင် ဖမ်းဆီးခံခဲ့ရပြီး ပျောက်ချင်း မလှ ပျောက်သွားသဖြင့် ၁၉၆၄ တွင် သြစတေးလျသို့ပြန်သွားခဲ့သည်။ ၁၉၆၆ တွင် အမေရိကန်၌ ကျောင်းဆရာမ အဖြစ် ထမ်းဆောင်ခဲ့ပြီး ၁၉၉၃ ၌ ပင်စင်ယူခဲ့သည်။ ၁၉၆၈ တွင် Tad Sargent နှင့်လက်ထပ်ခဲ့၏။ ၁၉၉၄ တွင် Twilight Over Burma (မှုန်ရီဆိုင်း တိုင်းမြန်မာ)စာအုပ်ရေးသားထုတ်ပြန်ခဲ့ပြီး ၁၉၉၅  မြန်မာပြည်မှ ဒုက္ခသည်များအားကူညီရန် Burma Lifeline အဖွဲ့ကို ဖွဲ့စည်းထူထောင်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိသျှမ်းပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်များအား စတင်ကူညီခဲ့သည်။

No comments:

နေ့မှာ