မူလစာမျက်နှာ

Wednesday, 1 December 2010

ဝဋ်ကြွေးလို့ပဲ စဉ်းစားလိုက်ရတယ်

 “HIV အကြောင်းတွေ ဘာတွေညာတွေကိုယ်က မသိတော့၊ တကယ်လို့ ဒီရောဂါက ဘယ်လိုဖြစ်နိုင်တယ် ဘယ်လိုဖြစ်နိုင်တယ်၊ သိလို့ရှိရင် ဒီရောဂါက ရခဲ့မှာမဟုတ်ဘူး”

ထားဝယ်သံဝဲဝဲနဲ့ ခပ်သွက်သွက် ပြောတဲ့ အသက် ၄၂ နှစ်ရှိ မဖြူဟာ HIV နဲ့ အသက်ရှင် နေထိုင်လာတာ ၅ နှစ်ကျော်နေပြီ ဖြစ်ပါတယ်။ သူဟာ ထိုင်းနိုင်ငံ ဆံခရာဘူရီမြို့က လုံခြုံတဲ့ရိပ်မြုံ (Safe House) မှာ ဆေးကုသမှု ခံယူနေတဲ့သူ ဖြစ်ပါတယ်။

ထားဝယ်သူဟာ ထိုင်းနိုင်ငံ ဘုရားသုံးဆူမြို့ကို ၁၉၉၇ ခုနှစ်မှာ ရွှေ့ပြောင်း အလုပ်သမားအဖြစ် ရောက်ရှိခဲ့ပါတယ်။ ဘုရားသုံးဆူမြို့က ထိုင်းအိမ်တအိမ်မှာ အိမ်အကူအဖြစ် အလုပ်လုပ်ခဲ့ပြီး မြိတ်သား တယောက်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။

၂ဝဝ၅ ခုနှစ်အရောက်မှာတော့ ဝဲခြောက်လို ယားနာတွေ တကိုယ်လုံးပေါက်လာပြီး လုံခြုံရိပ်မြုံကို လာရောက်ပြသခဲ့ပါတယ်၊ ဆေးစစ်တဲ့အခါမှာတော့ သူ့မှာ HIV ရှိနေပြီဆိုတာ သိလိုက်ရပါတယ်။

“ တကယ်လို့ ဒီရောဂါက ဘယ်လိုဖြစ်နိုင်တယ် ဘယ်လိုဖြစ်နိုင်တယ်၊ သိလို့ရှိရင် ဒီရောဂါက ရခဲ့မှာမဟုတ်ဘူး၊”

“လုံခြုံတဲ့ရိပ်မြုံ” တာဝန်ခံဖြစ်တဲ့ နော်ပေါလုလုကတော့ နယ်စပ်ဒေသတွေက သူတွေဟာ HIV ပတ်သက်ပြီး ဗဟုသုတ သိပ်မရှိကြဘူးလို့ ဆိုပါတယ်။ ဒီဂေဟာမှာ HIV နဲ့ အသက်ရှင်နေထိုင်သူ လူကြီး ၆ ယောက်နဲ့ ကလေး ၂ ယောက်ရှိပါတယ်။

worldAIDSdayထိုင်းနိုင်ငံ အနောက်ဘက် နယ်စပ်မြို့ မဲဆောက်မှာရှိတဲ့ ”အမျိုးသမီးများအတွက် လူမှုစောင့်ရှောက်ရေးအဖွဲ့” မှာတော့ HIV နဲ့ အသက်ရှင်နေထိုင် အမျိုးသမီးနဲ့ ကလေး (၅ဝ) ကျော်ရှိပါတယ်။ အားလုံးဟာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး ပြည်တွင်းကနေ လာရောက်ကုသမှုခံသူတွေလည်း ပါဝင်ပါတယ်။

မြန်မာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့တော့ HIV နဲ့ အသက်ရှင်နေထိုင်သူ ၂၄ဝ,ဝဝဝ ကျော်ရှိတယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့က ၂ဝဝ၉ ခုနှစ်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာမှ အမျိုးသမီး ၁ဝဝ,ဝဝဝ ခန့် ပါဝင်နေကြောင်း၊ ရောဂါ ပိုးရှိနေသူများ အနက် သုံးပုံ နှစ်ပုံ နီးပါးမှာ လူငယ်များ ဖြစ်တဲ့အကြောင်း UNICEF ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

ဒီလို HIV နဲ့ အသက်ရှင်နေထိုင်သူတွေ ပေါ်မှာ ကျန်းမာရေး ဗဟုသုတရှိသူတွေက နားလည်ပေးနိုင်ပြီး ကျန်းမာရေး ဗဟုသုတ မရှိသူတွေကတော့ ခွဲခြား ဆက်ဆံတာတွေရှိတယ်လို့ မဖြူကပဲ အခုလို ဆက်ပြောပြပါတယ်။

“မသိနားမလည်တဲ့လူတွေဖြစ်ဖြစ် မကောင်းတဲ့ worldAIDSday1မိန်းမလုပ်လို့ ဒီရောဂါ ရတယ်ပေါ့၊ လူကို မတူသလိုလို မတန်သလိုလို ကြည့်တယ် အဲဒါတွေက ပိုပြီး ခံရခက်တာပေါ့၊ လူကိုတွေ့တာနဲ့ ကဲ့ရဲ့သလိုလို ရှုံ့ချသလိုလို၊ ဘာတခွန်းမှ မပြောဘူးလေ၊ မတူသလိုလို မတန်သလိုလို ကြည့်တာ၊ အဲဒါ တအားခံရခက်တယ်”

အခုလို HIV နဲ့ အသက်ရှင်နေထိုင်နေတယ်လို့ သိပြီးတဲ့နောက် ဘုရားသုံးဆူမှာ ဆက်မနေတော့ပဲ လင်ယောက်ျားနဲ့ ပြတ်စဲပြီး လုံခြုံတဲ့ရိပ်မြုံမှာ ဆေးကုသခံယူနေတာဖြစ်ပါတယ်။

“အကြီးမလေးက ၁၃ နှစ် အငယ်ကောင်က ၁၁ နှစ်ရှိပြီ၊ ကိုယ်ဖြစ်စေချင်တာကတော့ သူများတွေလိုပဲပေါ့နော် ဆေးရုံကလိုပဲ ဖြစ်ဖြစ်၊ အရိပ်ထဲမှာပဲဖြစ်ဖြစ်ထိုင်ပြီးတော့ စာနဲ့ရေးပြီးတော့ပဲဖြစ်ဖြစ်၊ ပါးစပ်နဲ့ ပြောပြီးတော့ပဲ ဖြစ်ဖြစ် အဲဒီလိုမျိုး ပိုက်ဆံရမယ့် အလုပ်ကိုရစေချင်တယ်၊ အဲဒီလိုပဲ ကိုယ်က မျှော်မှန်းတယ်လေ”

” ဘာပဲပြောပြော နောက်ဆုံးပြန်စဉ်းစားကြည့်တော့ “ကိုယ့်ဝဋ်ကြွေးပါလာတယ်လေ၊ ဒီရောဂါဖြစ်ရမယ်လို့၊ အဲဒါပဲ စဉ်းစားလိုက်ရတယ်” လို့ မဖြူက ပြောပါတယ်။

No comments:

နေ့မှာ