မူလစာမျက်နှာ

Tuesday, 7 December 2010

တသက်တာစာပေဆု ဒေါက်တာခင်မောင်ညွှန့်ရရှိ

  ပြန်ကြားရေးဝန်ကြီးဌာနက ချီးမြှင့်သည့် ၂ဝဝ၉ ခုနှစ်အတွက် “အမျိုးသားစာပေ တသက်တာဆု” ကို သမိုင်းပညာရှင် ဒေါက်တာ ခင်မောင်ညွန့် ရရှိကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြထားသည်။

ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာန ပါမောက္ခဟောင်း ဒေါက်တာ ခင်မောင်ညွန့် (၁၉၂၉မွေး) သည် “ မြန်မာစာပေအကျိုးကို ထူးချွန်ပြောင်မြောက်စွာ တသက်တာလုံး အားထုတ်ရေးသား ပြုစုခဲ့သည့်အတွက် အသိအမှတ်ပြုသည့်အနေဖြင့်” အမျိုးသားစာပေ တသက်တာဆုကို ပေးအပ် ချီးမြှင့်ရခြင်းဖြစ်ကြောင်း သတင်းစာက ဖေါ်ပြသည်။

တသက်တာဆုနှင့် အမျိုးသား စာပေဆု ဘာသာရပ် ၁၀ မျိုးတို့တို့အတွက် ဆုပေးပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်နေ့ ၉ နာရီတွင် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး အစည်းအဝေး ခန်းမတွင် ကျင်းပမည် ဖြစ်သည်။

အမျိုးသား စာပေဆု ဘာသာရပ် ၁၄ မျိုးရှိသည့်အနက် ဘာသာပြန်(ရသ) စာပေ၊ လူငယ်စာပေ၊ ပြဇာတ်စာပေနှင့် နိုင်ငံရေးစာပေတို့အတွက် ဆုများ ချီးမြှင့်နိုင်ခြင်းမရှိပါ။

ဒေါက်တာခင်မောင်ညွန့်သည် ၁၉၅၆ တွင် လန်ဒန်တက္ကသိုလ် ဘောဂဗေဒနှင့် နိုင်ငံရေးသိပ္ပံကျောင်းတွင် နိုင်ငံတကာ ဆက်ဆံရေးပညာ ပါရဂူဘွဲ့အတွက် ဆည်းပူးခဲ့သည်။ ၁၉၆ဝ မှ ၁၉၇၅ ခုနှစ်အထိ ရန်ကုန် တက္ကသိုလ်၊ ပညာရေး တက္ကသိုလ်၊ မော်လမြိုင် တက္ကသိုလ်တို့တွင် သမိုင်းဌာန၊ နိုင်ငံရေးသိပ္ပံ ဌာနမှူး အဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုနှစ်များအတွင်း ကျောင်းသုံး သမိုင်းစာအုပ်များ ရေးသားပြုစုခဲ့သည်။

၁၉၇၆  မှ ၁၉၈၂ အထိ ယဉ်ကျေးမှုဝန်ကြီး ဌာန၊ အနုပညာဦးစီး ဌာနနှင့် နိုင်ငံသမိုင်း သုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ၁၉၈၂ မှ ၁၉၈၇ အထိ မန္တလေး တက္ကသိုလ် သမိုင်းဌာနနှင့် နိုင်ငံတကာ ဆက်ဆံရေး ဌာနများတွင် ပါမောက္ခ၊ ၁၉၈၇ မှ ၁၉၈၉ ထိ ရှေးဟောင်း သုတေသန ညွှန်ကြားရေးမှူးချုပ် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ဟောင်ကောင် တက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာကျော်ရင်လှိုင်နှင့် တပ်မတော်ရေးရာ ပညာရှင် ဒေါက်တာမောင်အောင်မျိုးတို့မှာ ဒေါက်တာ ခင်မောင်ညွန့် တပည့်ဟောင်းများ ဖြစ်သည်။

၁၉၉၄ မှ ယနေ့အထိ မြန်မာသမိုင်း ကော်မရှင် အဖွဲ့ဝင်အဖြစ် အမှုထမ်းရင်း သမိုင်းသုတေသန စာတမ်းများ ပြုစု ထုတ်ဝေလျက် ရှိသည်။ ဒေါက်တာ ခင်မောင်ညွန့်သည် စာပေစာနယ်ဇင်းအဖွဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သည်။ ရေးသားခဲ့သည်တို့အနက် တိုင်းရင်းသား ယဉ်ကျေးမှု ဓလေ့ထုံးစံများ (ရှမ်း၊ချင်း) (၁၉၆၆)၊ ကျွန်တော်မစ္စတာဘားမား (၁၉၈၆) စသည်တို့မှာ ထင်ရှားသည်။ စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးခင်ညွန့်၏ လက်စွဲ ပညာရှင်အုပ်စုတွင် ပါဝင်သော ဒေါက်တာခင်မောင်ညွန့်မှာ အစိုးရပေး ဘွဲ့တံဆိပ်များ ရခဲ့ပြီး ဖြစ်သည်။

၂ဝဝ၉ခုနှစ်အတွက် အမျိုးသား စာပေဆု ရရှိသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

* အမျိုးသားစာပေ တစ်သက်တာဆု - ဒေါက်တာခင်မောင်ညွန့်
* ဝတ္ထုရှည်ဆု- လင်္ကာရည်ကျော် (ဒေါက်တာရွှေသွေးနှင့် မပန်းမှုံ)
* ဝတ္ထုတိုပေါင်းချုပ်ဆု- မောင်ခြိမ့် (တံငါအသည်း မာရဲသလားဟေ့နှင့် အခြားဝတ္ထုတိုများ)
* ကဗျာပေါင်းချုပ်ဆု- မောင်နီဝင်း(ပခုက္ကူ) (စိမ့်စမ်းရေကြည် ကဗျာများ)
* စာပဒေသာဆု- မောင်ခင်မင်(ဓနုဖြူ) (ဘာသာအမြင် စာပေအမြင်)
* ဘာသာပြန်(သုတ)ဆု - ရဲတင့် (သွေးနှင့်ရေနံ)
* မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆု- ဦးကျော်သန်း(ဖယ်ခုံ)(ကယန်းလူမျိုး ကယန်းဓလေ့) 
* သုတပဒေသာ(ဝိဇ္ဖာ)ဆု - မကြန်     (ကုန်းဘောင်ခေတ် အခွန်တော်ရေးရာ)   
* သုတပဒေသာ (ရိုးရိုးသိပ္ပံ)- ဖိုးဆွေ (သစ်လုပ်ငန်း)(သစ်နည်းပညာ အခြေခံ)
* သုတပဒေသာ (အသုံးချသိပ္ပံ)- ဦးစောအောင်လှထွန်း (အသုံးချ သတ္တုဗေဒပညာ ပ၊ဒု)
* ကလေးစာပေဆု- မင်းရွှေမင်း(အင်းစိန်) (ပြည်ထောင်စု ပန်းဥယျာဉ် ကလေးကဗျာများ)
တို့ဖြစ်သည်။

လင်္ကာရည်ကျော် (မကွေး ဆေးတက္ကသိုလ် ကလေးကျန်းမာပညာဌာနမှူး ပါမောက္ခဦးရဲမြင့်ကျော်)သည် ၂ဝဝ၇ ကလည်း ကြိုးကြာတောင်ပံခတ်သံများဖြင့် ဝတ္ထုရှည်ဆု တကြိမ်ရခဲ့သည်။  သမိုင်းပညာရှင် မကြန် (၁၉၁၉မွေး)နှင့် ရန်ကုန်တက္ကသိုလ် မြန်မာစာ ပါမောက္ခဟောင်း ဦးခင်အေး (မောင်ခင်မင် (ဓနုဖြူ))တို့မှာ စာပေဆု အကြိမ်ကြိမ် ရဖူးကြပြီး ဖြစ်ရုံမက မကြန်မှာ ၂ဝဝ၆ က အမျိုးသားစာပေ တသက်တာဆု ရခဲ့သည်။

ရဲတင့်မှာ ဦးသန့်၏ ကိုယ်ရေးအတ္ထုပ္ပတ္တိ “ကုလသမဂ္ဂပေါ်မှ အမြင်”နှင့် အခြား နိုင်ငံတကာရေးရာ စာအုပ်များကို ပြန်ဆိုနေသူ ဖြစ်သည်။ နအဖခေတ် အမျိုးသား စာပေဆုကို စာပေဗိမာန်ထုတ် စာအုပ်များနှင့် အစိုးရနှင့် နီးစပ်ရာများကသာ ရလေ့ရှိသည်ဟု စာပေလောကတွင် ပြောစမှတ်ရှိသလို နိုင်ငံရေးမကင်းသည့် စာရေးဆရာများ၊ မော်ဒန် စာပေသမားများကိုလည်း ပေးလေ့မရှိပေ။

No comments:

နေ့မှာ