ရှမ်းပြည် လွတ်မြောက်ရေးလှုပ်ရှားမှု စိတ်ခွန်အားအဖြစ် ရှမ်းပြည်တပ်မတော် (SSA) က ထိုင်းသူရဲကောင်း ဘုရင် နရဲ့ဆွမ် ရုပ်တုကို မြန်မာနိုင်ငံ ရှမ်းပြည်နယ် သိုင်းလန်း တောင် ဌာနချုပ်တွင် ထူထောင်ခဲ့သည်။
၁၅၈၄ ခုနှစ်တွင် အယုဒ္ဓယပြည်ကို မြန်မာတို့လက်အောက်မှ လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့သော ထိုင်း သူရဲကောင်းဘုရင်ရဲ့ အရှည်သုံးမီတာခန့်ရှိ ကြေးရုပ်တုကို ပြီးခဲ့သော ရက်ပိုင်းက ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင် မြောက်ပိုင်း နှင့် နယ်စပ်မျက်နှာချင်းဆိုင်ဖြစ်သော ရှမ်းပြည်နယ် သိုင်းလန်းတောင် ဌာနချုပ်တွင် ထူထောင်နိုင်ခဲ့ကြောင်း ဗိုလ်မှုးကြီးရွက်ဆစ်က ပြောခဲ့သည်။
“ထိုင်းသူရဲကောင်း ဘုရင်ကြီး ရုပ်တုကို တည်ဆောက်နေတာ ငါးနှစ်ရှိပါပြီ။ အ ခက်အခဲအမျိုးမျိုးကြားကနေ ဒီနှစ်မှာ တော့ အောင်အောင်မြင်မြင် အဆုံးသတ် နိုင်ခဲ့ပြီ” ဟု ဗိုလ်မှုးကြီး ရွက်ဆစ်က ထိုင်းနိုင်ငံထုတ် The Nation သတင်းစာ ကို ပြောပြ သည်။
သမိုင်းဝင်ဘုရင်ကြီးရဲ့ ရုပ်တုကို ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သော်လည်း၊ အစပိုင်းတွင် ထိုင်းအာဏာပိုင်များက မြန်မာစစ်အစိုးရနှင့် အတိုက်အခံဖြစ်မည်စိုးသောကြောင့် ရွက်ဆစ်အား ထိုရုပ်တုကို ရှမ်းပြည်နယ်သို့ သယ်ဆောင်ပြီး ထူထောင်ဖို့ ပြောထားသော ကြောင့် တုန့်ဆိုင်းနေခဲ့ရသည်ဟု ဆိုသည်။
ဗိုလ်မှုးကြီးရွက်ဆစ်က “ဒီနှစ်တော့ ရုပ်တုကို ကျနော်တို့ ရှမ်းပြည်မှာ သယ်ယူထူထောင်ဖို့ကိစ္စကို ဘယ်သူမှ မကန့်ကွက်ကြတော့ဘူး။ ဒါဟာ ဘုရင်ကြီး နရဲ့ဆွမ်က ကျနော်တို့ရဲ့ ရှမ်းနယ်မြေမှာ ကျနော်တို့နဲ့ အတူတူရှိမယ်ဆိုတဲ့ သဘော ပါပဲ။ တကယ်တော့ ထိုင်းလူမျိုးတွေနဲ့ ကျနော်တို့ ရှမ်းလူမျိုးတွေဟာ ယုံကြည်ချက် ခံစားချက် တူညီကြသူတွေပါ” ဟုပြောသည်။
ရှမ်းလူမျိုးများသည် သိုင်း (Tai) လူမျိုးစုဖြစ်သောကြောင့် သူတို့ ရှမ်းဘာသာဖြင့် သိုင်းဟုခေါ်ပါသည်။ ရှမ်းခေါင်း ဆောင်များက ထိုင်းသူရဲကောင်း ဘုရင်ကြီးအား ရှမ်းပြည်လွတ်မြောက်ရေး တိုက်ပွဲဝင်လူထုအတွက် စံနမူနာပြပုဂိုလ် အဖြစ် ထားချင်ကြသည်ဟု ဆိုသည်။
“သမိုင်းမှာဆိုရင် အဲဒီဘုရင်ကြီးက သူ့သူငယ်ချင်းဖြစ်တဲ့ ရှမ်းလူမျိုးစ၀်ခမ်းကိုင်နွိုင် ကို ရှမ်းနိုင်ငံ (သိုင်းနိုင်ငံ) တည်ထောင်ရာမှာ အကူအညီပေးဖို့ အစီအစဉ်ရှိတာ ပြောကြတဲ့ အထောက်အထား ရှိပါတယ်။ ဒါပေမဲ့ ဘုရင်ကြီးဟာ ကံမကောင်းအကြောင်းမလှစွာနဲ့ အဲ့ဒီစိတ်ကူးကို အကောင်အထည်မဖော်မီ ဆုံးခဲ့ပါတယ်။ ကျနော်ကတော့ ဘုရင်ကြီးရဲ့ဝိညာဉ်က သိုင်းနယ်မြေတ၀ိုက်မှာ ကျနော်တို့ကို ဆက်လက် စောင့်ရှောက်နေဆဲလို့ ယုံကြည်ပါတယ်” ဟု ရွက်ဆစ်က ပြောသည်။
ထိုင်းသူရဲကောင်း ဘုရင်သည် ၁၆၅၀ ခုနှစ်တွင် ချင်းမိုင်မြို့ ဖန်မြို့နယ် တစ်နေရာဖြစ်တဲ့ မူန်ဟန်တွင် သေဆုံးခဲ့သည်။ သေဆုံးချိန်တွင် အယုဒ္ဓယအင်ပိုင်ယာကို ယိုယွင်းစပြုနေသော မြန်မာပြည်ထဲသို့ ချဲ့ထွင်ရန် အကောင်အထည် ဖော်နေဆဲ ဖြစ်သည်ဟု သည်နေရှင်းသတင်းစာတွင် ရေးထားသည်။ ထိုဘုရင်ကြီးလက်ထက်တွင် အယုဒ္ဓယပြည်သည် ကောင်းမွန်စွာ ထိန်းသိမ်းခြင်းခံရသောကြောင့် သာယာဝပြောပြီး အလွန်ထင်ရှားခဲ့သည်ဟု ဆိုသည်။
No comments:
Post a Comment