မူလစာမျက်နှာ

Wednesday, 8 December 2010

ရခိုင်တွင် ကဏန်းမဖမ်းရဇုန် သတ်မှတ်


ရခိုင်ပြည်နယ် မြို့နယ် ၆ ခုမှ ဧက တထောင်ကျော်ကို ကဏန်းမဖမ်းရဇုန်အဖြစ် ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက ပြီးခဲ့သည့် လကုန်တွင် သတ်မှတ်ခဲ့ကြောင်း စစ်တွေမြို့ရှိ ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၏ ဒုတိယအကြီးဆုံး ရေထွက်ပို့ကုန် ဂဏန်းကောင်များကို စည်းကမ်းမဲ့ ဖမ်းဆီး ရောင်းချနေသဖြင့် စစ်တွေ၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်၊ အမ်းနှင့် ရမ်းဗြဲမြို့များမှ ဧကပေါင်း ၁၁၃၈.၄၈ ဧကကို ဂဏန်းမဖမ်းရဇုန် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

“ကဏန်းတွေကို မဖမ်းရဘူးဇုန် သတ်မှတ်တာက ယာယီမှာ ကုန်ထွက်နှုန်းတွေ နည်းနည်း ကျသွားနိုင်တယ်။ ဒါပေမဲ့ အနာဂတ်အတွက် အဲလိုဇုန်သတ်မှတ်ထားတာ ပိုကောင်းတယ်။ မျိုးမပြုန်းရအောင် ထိန်းတာပါ။ ” ဟု စစ်တွေမြို့ ရေလုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

ဂဏန်းမဖမ်းရဇုန်အဖြစ် စစ်တွေတွင် ၆ ဧက၊ ပုဏ္ဏားကျွန်းတွင် ၅၄.၇၃ ဧက၊ မြေပုံတွင် ဧက ၅ဝဝ၊ တောင်ကုတ်တွင် ၅၃၇ ဧက၊ အမ်းတွင် ၃၇.၅ဝ ဧကနှင့် ရမ်းဗြဲတွင် ၃.၂၅ ဧကတို့ဖြစ်ကြောင်း စစ်တွေမြို့ရှိ ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန စာရင်းတွင် ပါရှိသည်။

ရခိုင်ပြည်နယ် ကျေးလက်ဒေသများတွင် ဒေသခံများစုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြပြီး၊ ဒုတိယ ဦးစားပေးအဖြစ် လုပ်ကိုင်နေသည်မှာ ငါး၊ ပုဇွန်နှင့် ဂဏန်းဖမ်းသည့် ရေလုပ်ငန်း ဖြစ်သည်။ ယခုအခါ ကဏန်းရှာရန် အခွင့်အလမ်း နည်းလာသဖြင့် ပင်လယ်ပြင်၌ ငါးဖမ်းရန် ဦးတည်မှုများလည်း ရှိလာသည်ဟု ဂဏန်းဒိုင် ပိုင်ရှင်က ဆိုသည်။

ကဏန်းအဝယ်ဒိုင်များက  ရေလုပ်သားများထံမှ ဂရမ် ၁၀၀ အထက် တကောင်လျှင် ပျမ်းမျှ ကျပ်ငွေ ၅၀၀ ဖြင့် ဝယ်ယူလေ့ရှိသည်။

မြစ်ဝကျွန်းပေါ်ဒေသ ရခိုင်ပြည်နယ်၊ ဧရာဝတီနှင့် တနင်္သာရီတိုင်းတို့တွင် ကဏန်းများ ရှိသည်။ တရုတ်-မြန်မာနယ်စပ် မူဆယ်ဈေးကွက်၌ တတန်လျှင် အမေရိကန်ဒေါ်လာ ၁,၅၀၀ ဈေးပေါက်သည်။

ရခိုင်ပြည်နယ်မှ မူဆယ်သို့ ကဏန်းတင်ပို့ရာ ဂရမ် ၁၀၀ အောက် ကဏန်းများ ပါဝင်သဖြင့် ငါးလုပ်ငန်းဌာနက ယခုလို မဖမ်းဆီးရန် ဇုန်သတ်မှတ်လိုက်သော်လည်း နယ်ဒေသအချို့တွင် ကဏန်းဒိုင်များသို့ ဂရမ် ၁၀၀ အောက် ကဏန်းများ ပါဝင်လျက်ပင် ရှိသေးသည်။

ရခိုင်ပြည်နယ်တွင် ကဏန်းဈေးကွက်ကို ၂၀၀၀ ပြည့်နှစ်မှစ၍ တရုတ်ပြည်သို့ အဓိက တင်ပို့လာခဲ့ခြင်း ဖြစ်သည်။

No comments:

နေ့မှာ