မူလစာမျက်နှာ

Thursday, 16 December 2010

တရုတ်ကုန်စည်ဈေးကွက် မြန်မာပြည်တွင် တိုးချဲ့

တရုတ်နိုင်ငံမှ ကားကုမ္ပဏီ၊ မော်တော်ဆိုင်ကယ် ကုမ္ပဏီများ အပါအဝင် စက်မှု ကုမ္ပဏီ ၅၀ သည် ရန်ကုန်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ကုန်စည်ပြပွဲ ကျင်းပပြီး ဈေးကွက် တိုးချဲ့ ရှာဖွေလျက် ရှိသည်။

cn_business_1
ရန်ကုန် တပ်မတော် ပြခန်းတွင် ၄ ရက်တာ ပြသနေသည့် တရုတ် စက်မှုထုတ်ကုန်ပြပွဲ (ဓာတ်ပုံ - ဧရာဝတီ)
“အခုလာပြတာက ဈေးကွက်သစ် တိုးချဲ့တာပါ။ တရုတ် ကုမ္ပဏီထုတ်ကားတွေ၊ ကုန်ပစ္စည်းတွေ လာပြပြီး ရောင်းတာမျိုး မဟုတ်ဘူး။ မြန်မာတွေအနေနဲ့ တရုတ်ကားတွေ၊ တရုတ်ကုန်စည်တွေ အပေါ်မှာ ဘယ်လောက် ကြိုက်နှစ်သက်မှု ရှိတယ် ဆိုတာ လာဆန်းစစ်တဲ့သဘော။ နောက်ပြီး တရုတ်ကုမ္ပဏီနဲ့ ပေါင်းပြီး မြန်မာနိုင်ငံမှာ ကားထုတ်ချင်တဲ့၊ ကားတင်သွင်း ရောင်းချချင်တဲ့ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီတွေရှာဖွေဖို့လည်းပါတယ်” ဟု တရုတ်စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

တရုတ်နိုင်ငံမှ ဇိမ်ခံကားနှင့် လုပ်ငန်းသုံး ကားမျိုးစုံထုတ်လုပ်သော ကုမ္ပဏီများဖြစ်ကြသည့် Dongfeng Yuan Vehicle၊ Chongqing Yuan Group၊ Guangxi Nanning Vision Mechanical၊ YTO International၊ Inner Mongolia Firmaco Elec-Mech I/E၊ Shandong Shifeng Group နှင့် တခြားသော ကားထုတ်လုပ်ရေး ကုမ္ပဏီကြီးများက မြန်မာနိုင်ငံတွင် ကားမျိုးစုံ ရောင်းချနိုင်ရန် ဈေးကွက် ရှာဖွေသည့်အနေဖြင့် ပြပွဲတွင် ၀င်ရောက် ပြသလျက်ရှိကြောင်း သိရသည်။

အလားတူ တရုတ်နိုင်ငံမှ မော်တော်ဆိုင်ကယ် ထုတ်လုပ်သော KENBO နှင့် JIALINGကုမ္ပဏီ အပါအ၀င် ကုမ္ပဏီကြီး များကလည်း မော်တော်ဆိုင်ကယ်စီးရေ မြောက်မြားစွာ ပြပွဲတွင် ခင်းကျင်းပြသခဲ့သည်။

ပြပွဲတွင် အင်ဂျင်နီယာနှင့် ဆောက်လုပ်ရေးသုံး စက်ယန္တရားကြီးများ၊ သတ္တုတူးဖော်ရေးသုံး အကြီးစား စက်ပစ္စည်းများ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စက်မှုပစ္စည်းများ၊ သောက်ရေသန့်ဘူး၊ ပုလင်း စသည့် အထုပ်အပိုး စက်ရုံသုံး အကြီးစား စက် ပစ္စည်းများ အပါအ၀င် စက်မှုကုန်ထုတ် ကုမ္ပဏီများ၊ မီးစက်၊ ဘက်ထရီ ကဲ့သို့သော အီလက်ထရွန်နစ် ပစ္စည်း ကုမ္ပဏီများ၊ ဘိလပ်မြေ၊ သံမဏိ ကဲ့သို့သော ဆောက်လုပ်ရေး ပစ္စည်းကုမ္ပဏီများ၊ လေအေးပေးစက်၊ ဒီဗီဒီ ကဲ့သို့သော အိမ်သုံး အီလက်ထရွန်နစ် ပစ္စည်း ကုမ္ပဏီများအပြင် တခြားသော လူသုံးကုန်နှင့် ဆေးဝါး ပစ္စည်းထုတ်ကုမ္ပဏီ စုစုပေါင်း ၅၀ ပါဝင်ပြသလျက်ရှိသည်။

cn_business_3
ရန်ကုန် တပ်မတော် ပြခန်းတွင် ၄ ရက်တာ ပြသနေသည့် တရုတ် စက်မှုထုတ်ကုန်ပြပွဲ (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါပြပွဲကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန လက်အောက်ရှိ ယူနန်ပြည်နယ် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဌာနနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ပူးတွဲ စီမံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြပွဲလာတဲ့သူက နည်းပါတယ်။ ပြပွဲသွားကြည့်တဲ့ စီးပွားရေး သမားတွေကလည်း ကားလောက်ပဲ စိတ်ဝင်စားတယ်။ ကျန်တဲ့ စက်မှုကဏ္ဍကို သိပ်စိတ်မ၀င်စားကြဘူး” ဟု ပြပွဲသွားရောက်ခဲ့သည့် ရန်ကုန်အခြေစိုက် စီးပွားရေးသမားတဦးက ဆိုသည်။

မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ်မှု တန်ဖိုးသည် ယခု ၂၀၁၀ ပြည့်နှစ် ၁၀ လတာ အတွင်း အမေရိကန်ဒေါ်လာ ၃.၄၂၇ ဘီလီယံအထိ တက်ခဲ့ပြီး ၂၀၀၉ ခုနှစ် ကုန်သွယ်မှုတန်ဖိုးထက် ၅၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း နှစ်နိုင်ငံ ကုန်သွယ်မှု စာရင်းဇယားများ အရ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ကုမ္ပဏီများက အမေရိကန်ဒေါ်လာ ၃၁. ၉ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံလျက် ရှိရာ
တရုတ် ကုမ္ပဏီပေါင်း ၁၇၀ က အမေရိကန်ဒေါ်လာ ၁၂. ၃ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံထားသဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စာရင်း၌ ပမာဏ အများဆုံးနိုင်ငံ ဖြစ်လာကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၏ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ပြန်ထားသည်။

No comments:

နေ့မှာ