မူလစာမျက်နှာ

Thursday, 2 December 2010

မြန်မာ့လေကြောင်း တရုတ်လုပ် လေယာဉ်နှစ်စင်း စတင်ပြေးဆွဲ

နိုင်ငံပိုင် မြန်မာ့လေကြောင်းက တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သည့် Xian MA 60 လေယာဉ်သစ် ၂ စီးကို အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့က စတင်ပြေးဆွဲလိုက်သည်။

မြန်မာ့လေကြောင်းက အသုံးပြုသက်တမ်း နှစ် ၄ဝ ကျော် ဖော်ကာ F - 27 လေယာဉ်များ နေရာတွင် တရုတ်နိုင်ငံမှနေ၍ ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင် ဝယ်ယူခဲ့သည့် Xian MA 60 လေယာဉ်သစ်များဖြင့် အစားထိုး ပြေးဆွဲခြင်း ဖြစ်သည်။

“မနေ့က စပြေးဆွဲတယ်။  F - 27 တွေရပ်လိုက်တဲ့အတွက် ဒီကောင်ကို အားဖြည့်လိုက်တာ” ဟု မြန်မာ့လေကြောင်းနှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ခရီးသည် ၆ဝ တင်ဆောင်နိုင်သည့် ယင်းလေယာဉ်များကို တရုတ် နိုင်ငံအခြေစိုက် Xian လေယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက ၂ဝဝဝ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လေကြောင်းက ဝယ်ယူလိုက်သော တန်ဖိုးနှင့် ပတ်သက်၍ မသိရသော်လည်း ပေါက်ဈေး အကြမ်းမျဉ်းအားဖြင့် အမေရိကန် ဒေါ်လာ ၁၂ သန်းခွဲ ဖြစ်သည်။

မြန်မာနိုင်ငံတွင် မပျံသန်းဖူးသေးသည့် အဆိုပါ လေယာဉ်များကို မောင်းနှင်ပျံသန်းရန် မြန်မာ့လေကြောင်းက လေယာဉ်မှူး ၆ ဦး၊ တွဲဖက်လေယာဉ်မှူး ၆ ဦး၊ လေကြောင်း အင်ဂျင်နီယာ ၈ ဦး၊ လေယာဉ်မောင် ၂ ဦးနှင့် လေကြောင်းပျံသန်းရေး တွက်ချက်သူ ၂ ဦးတို့ကို ပြီးခဲ့သည့် ဇူလိုင်လထဲတွင် တရုတ်နိုင်ငံသို့ စေလွှတ် သင်ကြားစေခဲ့သည်။

ထိုသို့ သင်တန်းတက်ခဲ့သော်လည်း လေယာဉ်ဒီဇိုင်းသစ်များ ဖြစ်နေသဖြင့် လေယာဉ်မှူးများ၊ အင်ဂျင်နီယာများအတွက် အခက်အခဲ ဖြစ်နေကြောင်း မြန်မာ့လေကြောင်း အင်ဂျင်နီယာဟောင်း တဦးက ဆိုသည်။

“ဒီကလူတွေ သင်တန်းသွားကြတယ်။ ပြန်လာတော့လည်း မကျွမ်းကြဘူး။ လေယာဉ်က MA 60 ဖြစ်ပေမယ့် ATR အမျိုးအစား အင်ဂျင်တွေ တပ်ထားတာ။ အဲဒီတော့ ခလုတ်တွေက ဟိုရောက်ဒီရောက် ဖြစ်နေတယ်။ ကျနော်တို့ဆီက ပိုင်းလော့တွေ၊ အင်ဂျင်နီယာတွေနဲ့ အကျွမ်းတဝင် မဖြစ်သေးဘူး ဖြစ်နေတယ်” ဟု သူက ပြောသည်။

Xian MA 60 လေယာဉ်ကို တရုတ်နိုင်ငံတွင်သာ အများဆုံးအသုံးပြုပြီး နိုင်ငံတကာတွင်မူ မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ ဇင်ဘာဘွေစသည့် ဖွံ့ဖြိုးဆဲနိုင်ငံများက အသုံးပြုသည်။

၂ဝဝ၉ ခုနှစ်အတွင်း ယင်း Xian MA 60  လေယာဉ်များ ၃ ကြိမ်တိုင် မတော်တဆမှု ဖြစ်ပွားခဲ့သည်။ မလေးရှားနိုင်ငံ Godofredo P. Ramos လေဆိပ်တွင် ၂ ကြိမ်၊ ဇင်ဘာဘွေ Harare အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ တကြိမ် ဖြစ်သည်။

လေကြောင်းပို့ဆောင်ရေး ကော်ပိုရေးရှင်း (BAC) မှ  ၁၉၈၉ ခုနှစ်တွင် ပြောင်းလဲဖွဲ့စည်းခဲ့သည့် မြန်မာ့လေကြောင်းတွင် ပြည်တွင်းခရီးစဉ်များအတွက် ATR - 72 နှစ်စင်း၊ ATR - 42 တစင်း၊ ဖော်ကာ F - 28 သုံးစင်း၊ ဖော်ကာ F - 27 နှစ်စင်း စုစုပေါင်း ရှစ်စင်းဖြင့် ခရီးစဉ် ၂၅ ခုကို ပြေးဆွဲခဲ့ရာမှ ယခုအခါ သက်တမ်းရင့် F - 27 နှစ်စင်းကို အနားပေးလိုက်ပြီး Xian MA - 60 လေယာဉ် ၃ စင်း ထပ်မံဝယ်ယူခဲ့သဖြင့် စုစုပေါင်း လေယာဉ် ၁၁ စင်းဖြင့် ပြေးဆွဲနေသည်။

No comments:

နေ့မှာ