မူလစာမျက်နှာ

Thursday, 16 December 2010

သျှမ်းစာပေပညာရှင် စိုင်းဖှ နှစ် ၆၀ ပြည့် မွေးနေ့ဂုဏ်ပြုစာကြည့်တိုက် ရန်ကုန် ကိုးမိုင် သျှမ်းကျောင်း၌ ဖွင့်လှစ်

သျှမ်းစာပေပညာရှင် ဆရာကြီးစိုင်းဖှ၏ အသက် ၆၀ ပြည့်မွေးနေ့ကိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် ပြည်လမ်း (၉) မိုင် အောင်မြေ ဘုံသာ သျှမ်း ဘုန်းကြီးကျောင်း၌ စာကြည့်တိုက်တခုကို ယနေ့မနက်ပိုင်းကဖွင့်လှစ်ခဲ့ ကြောင်း ရန်ကုန်မှလာသော သတင်းအရ သိရသည်။
“ ဒီနေ့မနက်ပိုင်း သံဃာတော်တွေကိုဆွမ်းကပ်တယ်။ ၉ နာရီတုန်းက စာကြည့်တိုက်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်တယ်” - ပွဲတက် ရောက်သူ သျှမ်းလူငယ်တဦးကပြောပြသည်။
အောင်မြေဘုံသာ သျှမ်းဘုန်းကြီးကျောင်း စာကြည့်တိုက်
မွေးနေ့ရှင် စိုင်းဖှကိုယ်တိုင်လည်းတက်ရောက်ပြီး ကိုးမိုင် သျှမ်းကျောင်း ကျောင်းထိုင်ဆရာတော်၊ မိုင်းကိုင်မြို့ မွေတော် ကျောင်း တိုက် ဆရာတော် ဦးရေ၀တ နှင့် လွယ်လင်မြို့ သာသနဝေဘုလ ဓါတ်တော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဦးပညာနန္ဒတို့ စာကြည့်တိုက်ဖဲကြိုးဖြတ်ဖွင့်လှစ်တော်မူခဲ့၏။

“ ဆရာတော် ၃ ပါးရယ်၊ မြန်မာပြည်သမိုင်းပညာရှင်ကြီး ဆရာစိုင်းအောင်ထွန်းနဲ့ ရန်ကုန်သျှမ်းစာပေ ယဉ်ကျေးမှုအသင်း ဥက္ကဌ ဆရာမ (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် အင်္ဂလိပ်စာဌာန ပါမောက္ခဟောင်း ) ဒေါ်နန်းဟွမ်လိတ်ရယ် ဖဲကြိုးဖြတ်ဖွင့်တယ် ။ ရန်ကုန် သျှမ်းစာပေယဉ်ကျေးမှု နာယက ဒေါက်တာ စိုင်းဆန်အိုက်လဲ တက်ရောက်တယ်” ဟုဆက်ပြောပြသည်။

သျှမ်းစာပေပညာရှင် ဆရာကြီးစိုင်းဖှ၏ ကာတွန်းပုံတူ
အလားတူ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင်လည်း သျှမ်းစာပေ ချစ်မြတ်နိုးသော ပုဂ္ဂိုလ်များ၊ လူငယ်များက ဆရာကြီးစိုင်းဖှ ဂုဏ်ပြုမွေး နေ့ပွဲကို ၀တ်ထ ကရဒတ် ကျောင်းတိုက်တွင်ကျင်းပရာ သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ စိုင်းဖှ၏ သျှမ်းစာပေပြန့်ပွားရေး သင်တန်းကျောင်း လှုပ်ရှားမှု အကြောင်းပြောပြခြင်း၊ သျှမ်းလက်တန်းတေးကဗျာ အဆိုရှင် စိုင်းဆိုင်ဝမ်း၏ သီဆိုဖျော်ဖြေမှု အပြင် သျှမ်းသီချင်းသည် ဆခဟ ရေးသားသော စိုင်းဖှဂုဏ်ပြု တေးသီချင်းတပုဒ်ကိုလည်း သီဆိုဖျော်ဖြေရန် ရှိကြောင်းသိရသည်။ 

အဆိုတော်ဆခဟက “ ဆရာ စိုင်းဖှဆိုရင် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး စာပေဖွံ့ဖြိုးရေးလုပ်ငန်းတစိုက်မတ်မတ်လုပ်လာတဲ့ ကိစ္စက ကျနော် အထူးလေးစားမိတဲ့အချက်ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းတွေအဓိကထားပြီး သီချင်းရေးဖြစ်တာပါ ” ဟု ပြောသည်။

ထို့ပြင် စိုင်းဖှနှင့်အတူ သျှမ်းစာပေပျံ့ပွါးရေးအတွက် နယ်လှည့်သင်တန်းပေးခဲ့ဖူးသော စိုင်းဖှ၏တပည့်တဦးဖြစ်ခဲ့ဖူးသူ စိုင်းဟန် ကလည်း -

“ ကျနော့်အတွေ့အကြုံအရ မြို့ကြီးပြကြီးမှာနေတဲ့ လူငယ်တွေ သျှမ်းစာပေချစ်မြတ်နိုးတဲ့စိတ်ရှိကြပေမယ့် ဆရာစိုင်းဖှကို သိတဲ့ လူနည်းတယ်။ သူတို့လေးတွေ ဆရာ့ကို သိအောင်ကြိုးစားစေချင်တယ်။ ဆရာစိုင်းဖှလိုမျိုး လူများများရှိ စေချင်တယ်။ ဆရာ စိုင်းဖှ ဟာ သျှမ်းစာပေ တကယ်ချစ်မြတ်နိုးတဲ့လူတယောက်ဖြစ်တယ်။ အသိအမြင်တအားကြွယ်ဝ တယ်။ အင်မတန် လေးစားစရာ ကောင်းတဲ့ပုဂ္ဂိုလ်။ သူ့နောက်လိုက်ရရင် အမျိုးချစ်စိတ်၊ စာပေချစ်စိတ်ထက်သန်လာ တယ်။ သူ့လို သိချင် တတ်ချင်တဲ့ စိတ်ရှိလာတယ်။  စာပျောက်ရင် လူမျိုးပါပျောက်တယ်ဆိုတဲ့ စကားရှိတယ်မဟုတ်လား။ ဒါကြောင့် ကျနော်တို့သျှမ်းစာပေ ပျံ့ပွါး ရေးအတွက်ဆရာ့ကိုအတုယူကြဖို့ သျှမ်းပြည်လူငယ်တွေကို ကျနော်အလေး အနက်တိုက်တွန်း ချင်တယ်” - ဟု ပြောခဲ့သည်။   

ဆရာကြီး စိုင်းဖှနှင့်ဇနီး
သျှမ်းစာပေပညာရှင်ဆရာစိုင်းဖှသည် လုံးပေါင်းကွီထမ်းအင် (နမ့်တူ) နှင့် ပါ့ဆွယ့်ခမ်းဆိ ( မူဆယ်)တို့၏ မွေးချင်း ၇ ယောက်အနက် သားကြီးဖြစ်ပြီး သျှမ်းပြည် မြောက်ပိုင်း နမ္မတူမြို့နယ်တွင် ၁၉၅၀ ဒီဇင်ဘာ ၁၆ ရက်၌ မွေးဖွားခဲ့ သည်။ သျှမ်းစာပေကို ၁၉၆၇-၆၈ မှစ၍ နမ့်တူမြို့ ဆရာဦးဆွေထွန်း ထံ၌ စတင် လေ့လာသင်ယူခွင့်ရခဲ့သည်။ ထိုအချိန်မှစ၍ သျှမ်းစာပေချစ်စိတ်ကြောင့် သျှမ်းစာပေ သင်ကြားသည့်ဆရာဖြစ်လာရာ ၁၉၇၇ တွင် (မ-ဟာ့တို)   မ ၅ လုံး သျှမ်းစာပေ ကော်မတီ၏ ဥက္ကဌအဖြစ် တာဝန်ယူ ကာ သျှမ်းလူမျိုးများ နေထိုင်သော မြန်မာပြည်အလယ်ပိုင်းဖြူး၊ တောကျွဲအင်းဒေသများသို့ သျှမ်းစာပေသွားရောက်သင်ကြား ပို့ချလာခဲ့သည်။ နိုင်ငံရေးလုပ်ရှားမှုအဖြစ် ၁၉၈၈ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တွင် စည်းရုံးရေးမှူးအဖြစ်စတင်တာဝန် ထမ်းဆောင်ခဲ့ ရာ  ၁၉၉၀ ရွေးကောက်ပွဲတွင် ကျောက်မဲမြို့ အမျိုးသားလွှတ်တော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့၏။ ပါတီ တာဝန်များကိုဆက်လက် ထမ်း ဆောင်ရင်း နအဖ၏ အမျိုးသားညီလာခံကို လက်မခံနိုင်သဖြင့် ၂၀၀၆ တွင်ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့သည်။

နောက်ပိုင်း စာပေပျံ့ပွါးရေးလုပ်ငန်းကိုသာ တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့ပြီး သျှမ်းစာပေနှင့်ပါတ်သက်သော စာအုပ်ပေါင်း ၂၀ ကျော် ရေးသားထုတ်ဝေခဲ့သည်။

B.Com (Industry and Trade) ဘာသာရပ်နှင့်ဘွဲ့ရကာ ၁၉၈၃ တွင် နန်းခမ်းဖောင်မိုခင်မြင့်နှင့် ထိမ်ထောင်ကျပြီး ယနေ့တိုင် ရန်ကုန်တိုင်း တိုက်ကြီးမြို့တွင်နေထိုင်လျက်ရှိသည်။
 

No comments:

နေ့မှာ