မူလစာမျက်နှာ

Wednesday, 15 December 2010

မူစယ်က ၇ တန်းကျောင်းသူလေး ပျောက်ဆုံး နေသည့် အမှု ရဲ တာဝန်ယူမှု ပေါ့လျော့

မူစယ်မြို့ ၄၅ ကုန်း ၊ ပိန္ဒဲကုန်းရပ်ကွက်တွင် နေထိုင်သည့် အသက် ၁၃ နှစ်အရွယ် ၇ တန်းကျောင်းသူမသင်းသင်း သည် ဒီဇင်ဘာလ ၁၃ ရက် နေ့လည်ပိုင်း ကျောင်းဆင်း ချိန် အိမ်ပြန်မရောက်ပဲရုတ်တရက်ပျောက်ဆုံးသွားသည်။
သမီးပျောက်ဆုံးသွားသဖြင့် မိဘများက တစ်နာရီအတွင်း ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း ရဲက ချက်ခြင်း အရေးယူ ဆောင်ရွက်ခြင်းမရှိသဖြင့် ယနေ့တိုင် ရှာမတွေ့ပဲ ဖြစ်နေသည်။

ထိုနေ့တစ်နေ့တည်း အိမ်တန်းလျား တစ်ခုတည်းနေ အသက် ၂၈ နှစ်အရွယ် မောင်လင်းလင်း ဆိုသူပါ ပျောက် ဆုံးနေရာ မောင်လင်းလင်း ခေါ်သွားသည်ဟု မိဘများ ယုံကြည်နေပြီး ရဲစခန်း၏ တာဝန်ပေါ့လျော့မှု အပေါ် ဆွေမျိုးနီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ယခုကဲ့သို့ပြောပြပါသည်။

“အဖေက ဦးကိုကိုနိုင် အမေက ဒေါ်ယဉ်ယဉ်စိုး ၇ တန်းကျောင်းသူအသက် ၁၃နှစ် လောက်ဘဲရှိတဲ့ မသင်းသင်း ကို ဒီဇင်ဘာ ၁၃ ရက် နေ့လည် ၁၂ နာရီခွဲ ကျောင်းဆင်း ထမင်းစားချိန်မှာ လူတစ်ယောက် ခေါ်သွားတယ်တဲ့။ တန်းလျားတစ်ခုတည်းနေတဲ့ မောင်လင်းလင်း ၂၈ နှစ် က သွေးဆောင်ခေါ်ယူသွားတာတယ်ဆိုဘဲ ”

“ဘယ်ကိုခိုးသွားလဲတော့မသိဘူး အဲဒါရဲစခန်းမှာ လူပျောက်တော့တိုင်ထားတယ်၊ မနေ့က ရဲက လမ်းကြောင်းတွေ ပိတ်ထားရင် မိနိုင်ပေမဲ့ သူတို့ဘာမှမလုပ်တဲ့အတွက် အခုဘယ် ရောက်သွားမှန်း မသိဘူး။ အခုတော့ မိဘတွေ ရောရပ်ကွက်ကပါ စိုးရိမ်နေကြတယ်”
ဟု သူကဆိုသည်။

လူပျောက်မှုဖြင့် ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း သက်သေခိုင်လုံမှသာ အသက်မပြည့်သေးသူကို ဖြားယောင်း ပေါင်းသင်းမှုဖြင့် တရားစွဲနိုင်ကြောင်း ရဲစခန်းအသိုင်းအ၀ိုင်းကပြောသည်။

မိဘများကလည်း သမီးဖြစ်သူ အသက်မပြည့်သေးသဖြင့် သားမယားအဖြစ်ပေါင်းသင်းမှုကို သဘောမတူကြောင်း သူကဆက်ပြောသည်။

“ရဲတွေချက်ခြင်းအရေးမယူတဲ့အတွက် ဒီလိုဖြစ်သွားတာကို အရပ်ထဲကလည်း စိုးရိမ်နေကြတယ်။ ရောင်းစား တာတို့ဘာတို့ဖြစ်သွားမှာလည်း စိုးရိမ်တာပေါ့နော်။ တစ်ခုခုလုပ်လိုက်မှာစိုးတယ်။ ပေါင်းသင်းဖို့ယူတယ် ဆိုရင်လဲ ကလေးကကြိုက်တောင်မှ အသက်အရွယ်အရ မိဘအနေနဲ့ ပေးစားလို့မရဘူးလေ။ ဘာမှစဉ်းစားတတ်တဲ့ အရွယ် မဟုတ်သေးဘူး။ ခန္တာကိုယ်အရလည်း ဖွံ့ဖြိုးသေးတာ မဟုတ်တော့၊ အသက်က ၁၂ နှစ်ကျော် ၁၃ နှစ် ထဲမှာဆိုတော့”
- ဟု သူကပြောသည်။

ယမန်နှစ်ကလည်း မူစယ်မြို့ ကျောင်းသူကလေးတစ်ဦးကို ဦးလေးအရင်းဖြစ်သူက ဖြားယောင်းခေါ်ယူကာ တရုတ်ဘက်၌ ရောင်းစားခဲ့သဖြင့် ကျောင်းအသိုင်းအ၀ိုင်းက ပညာရေးဝန်ကြီးဋ္ဌာနအထိ ထုချေလွှာတင်ခဲ့ရကြောင်းသိရသည်။

No comments:

နေ့မှာ