တိုက်ပွဲများကြောင့် ယနေ့ ထပ်မံ ထွက်ပြေးလာရသော စစ်ပြေး ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)
ယင်း ဒေသတွင် DKBA တပ်မဟာ ၅ မှ တပ်မဟာမှူး ဗိုလ်မှူးကြီး နှုတ်ခမ်းမွေး (စောလားပွယ်) ဦးဆောင်သော တပ်ဖွဲ့နှင့် စစ် အစိုးရ၏ စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၈ လက်အောက်ခံ တပ်ရင်းများ ဖြစ်ပွားနေကြောင်း သိရသည်။
ထွက်ပြေး တိမ်းရှောင်နေသော ဖလူးဒေသခံ တဦးက ယနေ့ နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ် ခတ်ခဲ့ကြကြောင်း ပြောသည်။
ယမန်နေ့က တိုက်ပွဲ ထပ်မံ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ၄ လုံး ကျခဲ့ကြောင်း ထိုင်းအာဏာပိုင် များကလည်း ပြောဆိုသည်။ လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများသည် ပိုမို ပြင်းထန် လာနိုင်ကြောင်းလည်း ဆိုသည်။
အဆိုပါ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ဖလူးကျေးရွာရှိ ဒေသခံများသည် နီးစပ်ရာ ဆွေမျိုးများထံနှင့် ထိုင်းနိုင်ငံ တ ဖက်ကမ်း မဲဆောက်မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းသို့ တချို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ ထွက်ပြေး တိမ်းရှောင် လာသူများသည် ဖလူးကြီးနှင့် ဖလူးငယ် ကျေးရွာဒေသခံ အများစု ဖြစ်ကြောင်း သိရသည်။
ယနေ့ နံနက်က ဒုက္ခသည်များကို သွားရောက်တွေ့ဆုံခဲ့သည့် ကရင်အမျိုးသမီး အစည်းအရုံး(KWO) ပြောရေး ဆိုခွင့်ရှိသူ နော် ဘလူးမင်း နိုက်ဇန် က“ရွာသားတွေ ချောင်းဖြတ်ပြီးတော့ ပြေးလာတယ်၊ ရွာသား ၁၀၀ လောက်ရှိမယ်၊ အဲဒီမှာ ကလေး၊ လူကြီးပါတယ်၊ တပတ်လောက်ပဲရှိသေးတဲ့ မွေးစကလေးလည်း ပါတယ်၊ သုံးလ နှစ်လသား ကြီးကြီးငယ်ငယ် အားလုံးပါ တယ်”ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲများကြောင့် ယနေ့ ထပ်မံ ထွက်ပြေးလာရသော စစ်ပြေး ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)
ယနေ့ ရောက်ရှိလာသော စစ်ပြေး ဒုက္ခသည်များကို ထိုင်း အာဏာပိုင်များက ထိုင်း နယ်ခြားစောင့် စခန်းဝင်းအတွင်း စောင့် ရှောက် ထားရှိကြောင်းလည်း သိရသည်။
ယမန်နေ့ညနေတွင် တနင်္ဂနွေနေ့က ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည် ၁၀၀၀ ခန့်ကို ထိုင်း အာဏာပိုင်များက နေရပ် ပြန်ခိုင်းခဲ့သည်။ သို့သော် ဒုက္ခသည်အများစုက နေရပ်ပြန်ကြသော်လည်း မြန်မာဘက်တွင် စိတ်ချရသည့် အနေအထား မရှိသောကြောင့် ဒုက္ခသည် ၁၀၀ ခန့် ဆက်လက် နေထိုင်ခဲ့ကြကြောင်း သိရသည်။
ထိုင်း အစိုးရက မြန်မာနိုင်ငံ ဘက်ခြမ်းတွင် တိုက်ပွဲများကြောင့် ထွက်ပြေးလာသော စစ်ပြေး ဒုက္ခသည်များကို နယ်စပ် ဖြတ်ကျော်ခွင့် ပေးထားသော်လည်း တိုက်ပွဲများ ရပ်ဆိုင်းသွားသည့် အချိန်တွင် မြန်မာနိုင်ငံ ဘက်သို့ ပြန်ခိုင်းလေ့ရှိသည်။
နောက်ဆုံး သတင်းများအရ ဖလူးကျေးရွာကို နအဖ ခြေလျင်တပ်ရင်း (ခလရ) ၃ ရင်း၊ အမြောက်တပ်ရင်းနှင့် အဂျင်နီယာ တပ်ရင်း အပါအ၀င် တပ်ရင်း ၅ ရင်းခန့် ထိန်းချုပ်ထားကြောင်း သိရသည်။
ယမန်နေ့ကလည်း ဘုရားသုံးဆူမြို့နယ်တွင် နအဖ စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU ) တပ်မဟာ ၆ တပ်ဖွဲ့ဝင်များ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်အစိုးရဘက်မှ တပ်သား ၂ ဦးသေဆုံး၍ ၅ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။ KNU တပ်မဟာ (၆) မှ တပ်ဖွဲ့ဝင်များနှင့် နအဖ၏ တပ်မ ၄၄ တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲများကြောင့် ယနေ့ ထပ်မံ ထွက်ပြေးလာရသော စစ်ပြေး ဒုက္ခသည်များ(ဓာတ်ပုံ - ဧရာဝတီ)
စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ဖွဲ့ရေးကို DKBA တပ်ဖွဲ့ဝင်အများစုက ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းတွင် လက်ခံခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်၏ တပ်ဖွဲ့ကမူ ယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။
No comments:
Post a Comment