မူလစာမျက်နှာ

Tuesday, 21 September 2010

မဲစာရင်းစစ်ဆေးရန် အခက်အခဲဖြစ်

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ (၂ဝ) ရက်မှစ၍ မဲပေးပိုင်ခွင့်ရှိသော မဲဆန္ဒရှင်များစာရင်းကို ကြေညာလိုက်ပြီဖြစ်သော်လည်း မဲစာရင်းစစ်ဆေးရန် အခက်အခဲရှိကြောင်း သိရသည်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပါတီများအနေဖြင့် မဲစာရင်း စစ်ဆေးရန် မဲစာရင်း မိတ္တူစာရွက်များ လိုအပ်ကြောင်း၊ သို့သော် ကော်မရှင်က မဲစာရင်း မိတ္တူစာရွက် တရွက် ကူးခ ကျပ် (၂ဝဝ) သတ်မှတ်ထားသည့်အတွက် မဲစာရင်းကူးရန် ငွေကြေးမတတ်နိုင်ကြောင်း ပြောကြားသည်။

၎င်းက “စာတမျက်နှာမှာ မဲဆန္ဒရှင် (၁ဝ) ဦးရဲ့ စာရင်းသာ ပါတဲ့အတွက် တယောက်ကို ကျပ် (၂ဝ) နှုန်း ကျသင့်မှာဖြစ်တယ်။ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တနယ်မှာ မဲပေးနိုင်သူ (၉) သောင်း (၁) သိန်း ရှိမှာမို့ မဲဆန္ဒနယ် တခုအတွက် မဲစာရင်း ကူးရင်ပဲ ကျပ်ငွေ သိန်း (၂ဝ) လောက် ကုန်ကျနိုင်တာကြောင့် ဒီလောက် ငွေ မတတ်နိုင်ဘူး။ ဒါကြောင့်မို့ မဲစာရင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေ အကူအညီ တောင်းခံလာမှသာ ကူညီပေးနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ မဲစာရင်း ထုတ်ပြန်ကြေညာချက်နှင့် ပတ်သက်ပြီး ယခင် ပါလီမန်ဒီမိုကရေစီခေတ်က ရွေးကောက်ပွဲများတွင် ပါတီ မဲအောင်နိုင်ရေး ကော်မတီဝင်များက မဲစာရင်းများကို ကူးယူခြင်း၊ မှန် မမှန်၊ ကျန်ခဲ့ မကျန်ခဲ့ တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးခြင်းတို့ ပြုလုပ်နိုင်ခဲ့သော်လည်း ယခု ရွေးကောက်ပွဲတွင်မူ ပါတီများကို မဲစာရင်း စစ်ဆေးရန် လုပ်ပိုင်ခွင့် ပေးမထားကြောင်း သိရသည်။

“ပြည်သူတွေ တဦးချင်း ကိုယ့်အစီစဉ်နဲ့ကိုယ် မဲစာရင်းစစ်ဆေးတာ၊ ကန့်ကွက်တာ၊ လျှောက်လွှာတင်တာ စတာတွေ ပြုလုပ်ရမှာမို့ မဲစာရင်း အမှန်ဖြစ်ဖို့ မလွယ်ကူဘူး” ဟု နိုင်ငံရေးသတင်း အယ်ဒီတာတဦးက ပြောသည်။

ရပ်ကွက်ကော်မရှင်ရုံးတို့တွင် မဲဆန္ဒရှင်စာရင်းသာမက ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမတ်လောင်းအမည်များကိုလည်း ဖော်ပြထားကြောင်း၊ လွှတ်တော် (၃) ခုနှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်များ မဲရုံတရုံတွင် စုစုပေါင်း (၁၅) ယောက်မှ အယောက် (၂ဝ) ကျော်အကြား ရှိကြောင်း၊ ထို့အပြင် အမတ်လောင်းများနှင့် ပတ်သက်ပြီး အမည်နှင့် ပါတီအမည်သာ ဖော်ပြထားခြင်းကြောင့် မည်သူမည်ဝါဖြစ်သည်ကို ပြည့်ပြည့်စုံစုံ မသိနိုင်သည့်အတွက် ပြည်သူများက မဲပေးရန် စိတ်မဝင်စားကြကြောင်း ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

၎င်းက “ဒီနေ့ပဲ ရပ်ကွက်ရုံးမှာ မဲစာရင်းဆိုလို့ သွားကြည့်တယ်။ ကျနော်တို့ ရပ်ကွက်တခုတည်းမှာကို မဲရုံ (၁၁) ရုံရှိတယ်။ လမ်းတိုင်းမှာ မဲရုံရှိမယ့် သဘောပဲ။ မဲရုံတရုံမှာ မဲပေးပိုင်ခွင့်ရှိသူ (၄ဝဝ) ကျော်ကနေ (၆ဝဝ) ကျော်အကြားပဲ ရှိတယ်။ လူနေထူထပ်တဲ့ တချို့လမ်းတွေ မဲရုံ (၂) ရုံတောင် ရှိနိုင်တယ်။ ဘယ်သူမှ စိတ်တဝင်စား လာကြည့်တာ မရှိဘူး။ တကယ်လို့ ကိုယ့်နာမည် မဲစာရင်းထဲမပါရင် တပတ်အတွင်း လျှောက်လွှာနဲ့ တင်ပြနိုင်တယ်လို့ ပြောတယ်၊ တပတ်ကျော်ရင်တော့ မရတော့ဘူး။ ဘယ်သူမှ စိတ်တဝင်စား လာမကြည့်တော့ မဲစာရင်းထဲ မပါတဲ့သူတွေတော့ မဲပေးပိုင်ခွင့် ဆုံးရှုံးရနိုင်တယ်” ဟု ပြောဆိုသည်။

နိုဝင်ဘာ (၇) ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီပေါင်း (၃၇) ပါတီက မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နေရာအတွက် ယှဉ်ပြိုင်အရွေးခံကြမည်ဖြစ်ပြီး ပါတီများအနက် ကြံ့ဖွံ့ပါတီသည် မဲဆန္ဒနယ် (၁,ဝဝဝ) ကျော်၊ တစည က မဲဆန္ဒနယ် (၉၈ဝ) ကျော်နှင့် အန်ဒီအက်ဖ်ပါတီက မဲဆန္ဒနယ် (၁၆ဝ) ကျော်တွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း ပေးသွင်းထားကြကြောင်း သိရသည်။

No comments:

နေ့မှာ