တရုတ်-မြန်မာနယ်စပ်ရှိ အဖွဲ့အစည်းများအပေါ် တရုတ်အစိုးရ၏ သဘောထားနှင့်ပတ်သက်၍ နယ်ခြားစောင့်တပ် လက်မခံကြသည့် အဖွဲ့များက သတိထားစောင့်ကြည့်နေကြသည်။
နယ်စပ်ဒေသများ၌ မြန်မာအစိုးရကို ဆန့်ကျင်မည့် လှုပ်ရှားမှုများနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသော လုပ်ရပ်များ ပြုလုပ်မည့် မည်သည့်အဖွဲ့အစည်းကိုမျှ လက်ခံ ထောက်ခံမည်မဟုတ်ဟူ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ခရီးစဉ်အတွင်း တရုတ်သမ္မတ ဟူကျင်တောင်း၏ ပြောဆိုချက်ကို ကိုးကား၍ နအဖသတင်းစာများတွင် ဖော်ပြခဲ့သည်။
ယင်းသို့ တရုတ်အစိုးရ၏ သဘောထားသည် နယ်ခြားစောင့်တပ်ဖွဲ့ရန် လက်မခံသေးသည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (KIO) အပေါ် အကျိုးသက်ရောက်ကောင်း သက်ရောက်နိုင်သော်လည်း အစိုးရအပေါ်မှာသာ မူတည်နေသည်ဟု ကေအိုင်အို တွဲဖက်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။
၎င်းက “အကျိုးသက်ရောက်မှု ရှိကောင်းရှိနိုင်ပါတယ်။ အသေအချာတော့ ပြောလို့မရဘူး။ ဒါက အစိုးရနဲ့သာ ဆိုင်တယ်ဆိုတော့။ အခက်ခဲတော့ ရှိမှာပေါ့လေ။၊ ဒါက မကျော်ဖြတ်နိုင်တဲ့ အခက်အခဲတော့ မဟုတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့က နယ်စပ်မှာချည်း ရှိတာမဟုတ်ဘူးလေ။ ကချင်ပြည်နယ်အဝှမ်း၊ ရှမ်းပြည်မြောက်ပိုင်း၊ နယ်စပ်မဟုတ်တဲ့ နေရာတွေမှာလည်း ရှိတယ်” ဟု ပြောသည်။
နအဖနှင့် အပစ်ရပ်အဖွဲ့များအကြား တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ စစ်ရေးနည်းအရ ဖြေရှင်းပါက ဒေသတခုလုံး ထိခိုက်နိုင်ကြောင်း ဗိုလ်မှူးကြီး ဆင်ဝါးက ပြောသည်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့ နှင့် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA-ESS) မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ရာ ဒေသများတွင် တရုတ်အစိုးရ၏ ကူညီထောက်ပံ့မှုနှင့် တရုတ်ကုမ္ပဏီများက ဘိန်းအစားထိုး နှစ်ရှည် စိုက်ပျိုးရေး စီမံကိန်းများအပါအဝင် စီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ရှိနေခြင်း၊ အထူးသဖြင့် ဝလူမျိုးတို့သည် နယ်စပ် (၂) ဘက်စလုံးတွင် နေထိုင်သွားလာ ကူးလူးဆက်ဆံမှုများရှိနေခြင်းတို့ကြောင့် တရုတ်အစိုးရအနေဖြင့် အတင်းအကျပ် ကန့်သတ်မှုမျိုး လုပ်လိမ့်မည်ဟု မထင်ကြောင်း အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူက ပြောသည်။
၎င်းက “အတင်းကျပ် ဖိအားပေးတာ၊ ကန့်သတ်တာတွေ လုပ်မယ်မထင်ဘူး။ နယ်စပ်ဒေသမှာ တိုက်ပွဲဖြစ်ရင် တရုတ်ကိုလည်း ထိခိုက်စေတယ်။ ကိုးကန့်တိုက်ပွဲတုန်းက သာဓက ရှိထားတယ်၊ သူ့နယ်စပ်မှာ တိုက်တာခိုက်တာမျိုး သူလည်း လိုလားမှာ မဟုတ်ဘူး။ စစ်ပြေးဒုက္ခသည်တွေ လက်ခံထားရတာမျိုး လုပ်ချင်မှာလည်း မဟုတ်ဘူး။ ဒါကြောင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုပြီး တရုတ်က ထပ်ခါထပ်ခါ ပြောနေတာ။ ဒေသဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားအတွက် ပြောနေရတာ” ဟု ဆိုသည်။
စက်တင်ဘာ (၇) ရက်မှ စတင်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ (၅) ရက်ကြာ တရုတ်ပြည် ခရီးစဉ်အတွင်း နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ နှစ်နိုင်ငံအကျိုးတူ စီမံကိန်းကြီးများအပြင် တရုတ်-မြန်မာ နယ်စပ်ဒေသ အရေးကိစ္စများကိုလည်း တရုတ်-မြန်မာအကြား ဆွေးနွေးခဲ့ကြသည်။
No comments:
Post a Comment