မူလစာမျက်နှာ

Monday, 13 September 2010

ကော်မရှင်အဆင့်ဆင့် ဘက်လိုက်မှုရှိ

နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်သည် နိုင်ငံရေးပါတီများနှင့် ဆက်ဆံရာတွင် ကြံ့ဖွံ့နှင့် တစည ပါတီတို့ကို ကူညီပံ့ပိုးမှုများ လုပ်ပေးနေသော်လည်း အခြားပါတီများကို ကူညီမှုမရှိကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

လွှတ်တော်အမတ်လောင်းများ အမည်စာရင်းတင်သွင်းမှုနှင့် ပတ်သက်ပြီး ဒီမိုကရက်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ၎င်းတို့အနေဖြင့် အမတ်လောင်းစာရင်း တင်သွင်းရေးကိစ္စ ကော်မရှင်က ကြေညာချက်ထုတ်သည့် သြဂုတ်လ (၁၆) ရက်နေ့မှစပြီး ကြိုးစားခဲ့ကြောင်း၊ သက်ဆိုင်ရာ မြို့နယ် မယက က ကိုယ်ပြိုင်မည့် မြို့နယ်သို့ အိမ်ထောင်စုစာရင်း အထွက်- အဝင် လုပ်ရမည်ဆိုခြင်းကြောင့် ညွှန်ကြားချက်အတိုင်း တနေရာပြီး တနေရာ တဆင့်ပြီး တဆင့် တရက်ပြီး တရက် သွားရောက်လုပ်ကိုင်ခဲ့ရကြောင်း၊ အမတ်လောင်းစာရင်း တင်ခါနီး သြဂုတ်လ (၂၈) ရက်နေ့အထိ ပြီးပြတ်ခြင်း မရှိကြောင်း၊ အဆိုပါကိစ္စ ခရိုင်ကော်မရှင်ကို တင်ပြသည့်အခါ အဆိုပါအဆင့်များ လုပ်ရန်မလိုဟု ပြောကြောင်း၊ မိမိအနေဖြင့် ရက်ပေါင်းများစွာ အချိန်ကုန် အခက်အခဲ ဖြစ်ခဲ့ရကြောင်း ပြောသည်။

အလားတူ အခက်အခဲမျိုး အခြား နိုင်ငံရေးပါတီများလည်း ကြုံတွေ့နေကြသော်လည်း တစညနှင့် ကြံ့ဖွံ့ အမတ်လောင်းအချို့အား မေးကြည့်ရာတွင်မူ ၎င်းတို့ကို ကော်မရှင်က အပြည့်အဝ ကူညီကြောင်း၊ မည်သည့်အခက်အခဲမှ မကြုံရကြောင်း ပြောဆိုကြသည်။

ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီနှင့် တစည အမတ်လောင်းများထံတွင် တတိုင်းလုံး၌ ဝင်ပြိုင်မည့် ပါတီနှင့် အမတ်လောင်း စာရင်းများ၊ မည်သူက မည်သည့်မဲဆန္ဒနယ်မြေတို့မှ ဝင်ပြိုင်မည် စသည့် အသေးစိတ် စာရင်းဇယားများ လက်ဝယ်ရရှိထားကြသော်လည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ပါတီအများစုမှာ ယခုကဲ့သို့ စာရင်းမျိုး မရရှိကြကြောင်း၊ ၎င်းတို့ တဦးချင်းအနေဖြင့် ခရိုင်ရုံးများသို့ သွားကြည့်သော်လည်း တခရိုင်စာ ပြန့်ကျဲနေသော အမည်စာရင်းတို့ကိုသာ တွေ့ရကြောင်း ပါတီအသီးသီးထံမှ သိရှိရသည်။

ယခုကဲ့သို့ သတင်းအချက်အလက် ရရှိမှု မညီမျှသည့်အတွက် ကြံ့ဖွံ့ပါတီနှင့် တစညပါတီတို့က အခြားပြိုင်ဘက်ပါတီများနှင့် ပတ်သက်သည့် အချက်အလက်များကို ကြိုတင်သိရှိကာ ပြင်ဆင်မှုများ ပြုလုပ်နိုင်သည်ဟု အခြားပါတီများက ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် သြဂုတ် (၂၈) ရက်တွင် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ခဲ့သည့် ကချင်နိုင်ငံရေး ခေါင်းဆောင်တဦးက “ကျနော်ရှိနေတုန်း အဲဒီရုံးမှာ အနယ်နယ် အရပ်ရပ်က ကိုယ်စားလှယ်လောင်း စာရင်းတွေ ဖက်စ်နဲ့ပို့တာကို လက်ခံနေတာ တွေ့ခဲ့ရတယ်။ ဆိုလိုတာ မြန်မာနိုင်ငံ ဘယ်နေရာ ဘယ်မဲဆန္ဒနယ်မှာ ဝင်ပြိုင်မယ့်သူ မရှိဘူးလဲ၊ ကြံ့ဖွံ့က သူတို့ အမည်စာရင်း သွင်းလိုက်ရုံပဲ။ အဲဒီ အမတ်လောင်းဟာ ပြိုင်ဘက်မရှိတော့ ပြိုင်စရာမလိုဘဲ အမတ်လောင်း ဖြစ်သွားပြီလေ” ဟု ပြောသည်။

No comments:

နေ့မှာ