မူလစာမျက်နှာ

Sunday, 19 September 2010

မမခင်ဦးစံပယ်သို့ တမ်းချင်း - ၈

အောင်ဝေး
စက်တင်ဘာ ၁၉ ၊ ၂၀၁၀
 အိမ်ပြန်ချင်တယ်
အဲဒီမှာ
နေ၀င်တော့မှာလား
မမခင်ဦးစံပယ်။


ညပေါင်းများစွာ
ရှေ့ မှာ
ဖြတ်ကျော်ရဦးမယ်။

နောက်မှာ
နေ့ပေါင်းများစွာ
ကျန်ရစ်ခဲ့ကြပြီ။

တစ္ဆေ
တစ္ဆေ
မြစ်ရေတွေထဲမှာ။

ဗွီဒီယိုတိပ်ခွေကို
နောက်ပြန်ရစ်လိုက်ကြစို့ ရဲ့ ။

ဒဏ်ရာဟောင်းကို
ပြန်ပြီးအရသာခံလိုက်ကြစို့ ရဲ့ ။

နာရီလက်တံကို
အမြန်နောက်ပြန်ရွှေ့ လိုက်ကြစို့ ရဲ့ ။

မမခင်ဦးစံပယ်ရယ်
စခဲ့တဲ့နေရာမှာပဲ
ပြန်စကြပါစို့ ရဲ့ ။

အဲဒီနေရာမှာ
ကျနော်တို့ 
ညီညွတ်ခဲ့ကြတယ်။

အဲဒီနေရာမှာ
ကျနော်တို့ 
သွေးစည်းခဲ့ကြတယ်။

မမခင်ဦးစံပယ်ရယ်
အဲဒီနေရာကို
ကျနော်တို့ 
ရောက်အောင်ပြန်ကြပါစို့ ရဲ့ ။

အဲဒီနေရာမှာ
ကျနော်တို့ 
ညီအစ်ကိုတွေရှိတယ်။

အဲဒီနေရာမှာ
ကျနော်တို့ 
ရဲဘော်ရဲဘက်တွေရှိတယ်။

အဲဒီနေရာမှာ
ကျနော်တို့ 
ဝိညာဉ်တွေရှိတယ်။

ရဲဘော်တို့ 
ပြန်ခဲ့ကြ။

အဲဒီနေရာကို
မရောက်ရောက်အောင်
ပြန်ခဲ့ကြ။

နားနဲ့ မနာ
ဖ၀ါးနဲ့ နာပါ
မမခင်ဦးစံပယ်။

ဟောဒီပင်လယ်မှာ
စင်ရော်တွေက
ရိုင်းချင်နေပြီ။

ကျနော်တို့ 
ဘ၀ကို
တစ်က ပြန်စရတော့မယ်။

နေထွက်လာတယ်
နေ၀င်သွားတယ်။

ညရောက်လာတယ်
ညပြန်သွားတယ်။

လရောင်နည်းနည်းတင်
နွေဦးနည်းနည်းတင်
ရာဇ၀င်ရထား။

သွေးသံတရဲရဲ
အနှစ်နှစ်ဆယ်ကျော်
ဒီရထား။

ရထားက
ရထားကို ရပ်ခိုင်းလို့ မရ။

ဘူတာက
ဘူတာကို ရှာခိုင်းလို့ မရ။

မမခင်ဦးစံပယ်ရယ်
ကျနော်တို့ သွားနေတာ
သံလမ်းပေါ်မှာလား။

ကျနော်တို့ သွားနေတာ
ကြယ်ကြွေရဲ့ 
အရိုးပေါ်မှာလား။

ဒီရထား
အနှစ်နှစ်ဆယ်ကျော်ခဲ့ပြီ။
မြစ်ကမ်းပါးမှာ
မှောင်တော့မယ်
မမခင်ဦးစံပယ်။

မြစ်ရေစီးသံနားထောင်
မမှောင်ခင်
အိမ်ပြန်ကြရအောင်။

အနှစ်နှစ်ဆယ်ကျော်
အိပ်မက်
အစက ပြန်မက်ကြရအောင်။

အစမှာပဲ
ကျနော်တို့ ရှိတယ်။

အစမှာပဲ
ရဲဘော်တို့ ရှိတယ်။

အစမှာပဲ
တိုက်ပွဲရှိတယ်။

အဲဒီအစမှာပဲ
"၀င်းမော်ဦး" ရှိတယ်လေ။

ရဲဘော်တို့ 
အစကို ချီတက်ကြပါ။

ရဲဘော်တို့ 
အတိတ်ကို ချီတက်ကြပါ။

အဲဒီမှာ
"၀င်းမော်ဦး" ရှိတယ်လေ။

"၀င်းမော်ဦး"နဲ့ 
စခဲ့တဲ့ အနာဂတ်
"၀င်းမော်ဦး"နဲ့ မှပဲ
အဆုံးသတ်နိုင်မယ်လေ။

ရထားက
သိပ်နှေးလွန်းတယ်။

ညက
သိပ်မှောင်နေပြီ။

မိတ်ဆွေ ရန်သူ
မကွဲပြားဘူး
သတိရှိဖို့ လိုမယ်။

ရဲဘော်တို့ 
"၀င်းမော်ဦး" ဆီရောက်အောင်
ချီတက်ကြပါ။

သီချင်းသံက
တိုးလွန်းလှရဲ့ ။

ကြယ်တွေက
ချုပ်နှောင်ခံနေရတယ်။

နှင်းဆီတွေ
(အကျဉ်းထောင်ထဲ)
ဖျားနာနေပေါ့ ။

အလင်းရောင်က
သိပ်နည်းလွန်းတယ်။

အမှောင်ထဲမှာ
အချင်းချင်း
ခလုတ်ကန်သင်း မဖြစ်ပါစေနဲ့ ။

ရဲဘော်တို့ 
စိတ်ဝမ်းမကွဲကြပါနဲ့ 
အတိတ်ကိုချီတက်ကြပါ။
"၀င်းမော်ဦး"ဆီ ရောက်အောင်
ဆက် ချီ တက်ကြပါ။

"၀င်းမော်ဦး"ရှိတဲ့နေရာမှာ
ရဲဘော်တို့ ရှိတယ်။

အမှောင်အောက်မှာ
ကျနော်တို့ ပျောက်ဆုံးနေတယ်။

အဲဒီကို
ချီတက်ကြမယ်။

အဲဒီမှာ
ကျနော်တို့ ကိုယ်ကျနော်တို့ 
ပြန်ရှာတွေ့ မယ်။

အဲဒီမှာ
အရေးတော်ပုံ ရှိတယ်။

အဲဒီမှာ
အနာဂတ်ရှိတယ်။

အဲဒီမှာ
မှောင်ကောင်းမှောင်နေဦးမယ်
နေပါစေ။

မြစ်ဆိုတာ
အမှောင်ထဲမှာလည်း
စီးဆင်းနေမြဲပါပဲ
မမခင်ဦးစံပယ်။      

(၀င်းမော်ဦးနှင့်ဝင်းမော်ဦးများသို့ ...)

No comments:

နေ့မှာ