မူလစာမျက်နှာ

Thursday, 23 September 2010

အရှင်ပညာစာရ အတွက် ရဟန်းတော်များ ပြုလုပ်သော အစည်းအဝေး ရဲအဖွဲ့က ၀င်ရောက် တားဆီး

ချိပ်ပိတ်ထားသော မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတံခါးကို ယခု ပြန်လည် ဖွင့်လှစ်ထားသည်ကို မြင်တွေ့ရစဉ်
စစ်တွေမြို့ရှိ မဟာမုနိ ဗုဒ္ဓ၀ိဟာရကျောင်းတွင် ရဟန်းတော်များ ပြုလုပ်ရန် စီစဉ် ထားသော အစည်းအဝေးကို ရဲအဖွဲ့က၀င်ရောက် တားဆီးသဖြင့် အစည်းအဝေးကို ဖျက်သိမ်းလိုက်ရကြောင်း သတင်း ရရှိသည်။

အမည် မဖေါ်လိုသူ ရဟန်းတော် တစ်ပါးက “ အစည်းအဝေးကို စက်တင်္ဘာလ ၂၁ ရက်နေ့ နေ့လည် တစ်နာရီ မှာ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းထဲမှာ ပြုလုပ်မယ်ဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ရဟန်းတော်တွေ ရောက်လာပီး အစည်း အဝေး မစခင် အချိန်ပိုင်း အတွင်းမှာဘဲ မင်းဂံရဲစခန်းက စခန်းမှူးနဲ့ အဖွဲ့ ရောက်လာပြီး အစည်းအဝေး မလုပ်ရဘူးဆိုပီး လာတားတဲ့ အတွက် အစည်းအဝေး ကို ဖျက်သိမ်းလိုက်ရပါတယ်” ဟု ပြောသည်။

အစည်းအဝေးကို ဝေသာလီ ဓမ္မပါလ ကျောင်းဆရာတော်မှ ဦးဆောင်၍ နီးစပ်ရာ ရဟန်းတော်များကို ဖိတ်ကြားကာ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်သည်။

“ ဆရာတော်က နီးစပ်ရာ ရဟန်းတော်တွေကို ခေါ်ယူပြီး အရှင်ပညာ စာရ အတွက် နှီးနှော တိုင်ပင်လိုတယ်ဆိုပီး ခေါ်ယူတာ ဖြစ်ပါတယ်။ အရှင်ပညာစာရ အတွက် ဘယ်လို လုပ်ဆောင် မလဲ ဆိုတာကို ဆွေးနွေးရေး အတွက် ဖြစ်ပါတယ်။ ရဟန်းတော် ဆယ်ပါးခန့် ရောက်ရှိလာတဲ့ အချိန်မှာ ရဲသားတွေက သတင်းရသွားပီး လူစု လူဝေး မလုပ်ရဘူး။ အစည်း အဝေး လုပ်ရင် အာဏာဖီဆန်မူနဲ့ ဖမ်းမယ်ဆိုတော့ ပြဿနာ မတက်ချင်တာနဲ့ ဦးဇင်းတို့ အစည်းအဝေး လုပ်မှာကို လက်လျော့ လိုက်ပါတယ်” ဟု အဆိုပါ ရဟန်းတော်က ပြောသည်။

ယခုအခါ ဆရာတော် အရှင်ပညာစာရ သတင်းသုံးခဲ့ရာ မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းအား ချိတ်ပိတ်ထားရာမှ ကျောင်းတံခါးကို ဖွင့်လှစ်ထားပြီး ရဲအဖွဲ့ဝင်များက အနီးအနားမှ စောင့်ကြည့် နေကြောင်း သိရသည်။

“ သူတို့ ဘာကြောင့် ကျောင်းကို ချိတ်ပိတ်ထားရာကနေ ပြန်လည် ဖွင့်လှစ် လိုက်တယ် ဆိုတာကို မသိရဘူး။ တစ်ခုခုတော့ နောက်ကွယ်က အကြောင်းအရာတွေ ရှိမယ်။ ဆရာတော်ကို စွပ်စွဲထားတဲ့ အမူတွေလည်း တစ်ခုပီး တစ်ခု မဟုတ်မှန်တဲ့ အကြောင်း သိလာကြပီး အာဏာပိုင်တွေရဲ့ မတရားလုပ်ရပ်ကလည်း ပေါ်လာပြီလေ။ သူတို့ ဘာဆက် လုပ်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်” ဟု ရဟန်းတော်က မိန့်ကြားသည်။

နောက်ဆုံး ရရှိသော သတင်းအရ ဆရာတော်အား စစ်ဆေးရန် အမူ တစ်ခုတည်းသာ ကျန်ရှိပြီး အဆိုပါ စွပ်စွဲထားသော အမူမှာ နိုင်ငံတကာမှ ကျောင်းအတွက် ပို့သော ငွေကြေးများကို အလွဲသုံးစား လုပ်မူ ဖြစ်သည်ဟု သိရသည်။

No comments:

နေ့မှာ