မူလစာမျက်နှာ

Friday, 24 September 2010

လိုင်စင်မဲ့ကားများ လိုင်စင် ထုတ်မပေးတော့

လာဘ်ပေး လာဘ်ယူမှုများ ရှိသည့်အတွက် လိုင်စင်မဲ့ကားများ လိုင်စင် ထုတ်ပေးခြင်းကို ယမန်နေ့က စတင် ရပ်ဆိုင်း လိုက်ကြောင်း သတင်း ရရှိသည်။

လာဘ်ပေး လာဘ်ယူမှုများ ပြုလုပ်သော ပြည်တွင်း အခွန်များ ဦးစီးဌာန အရာရှိများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အစိုးရ ၀န်ထမ်းများကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေသည့် အတွက် တနိုင်ငံလုံးတွင် လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးမှုများ ရပ်ဆိုင်းလိုက်ခြင်း ဖြစ် ကြောင်း သိရှိရသည်။

dkba-cars
ထိုင်း-မြန်မာ နယ်စပ်မှတဆင့် မြန်မာပြည်တွင်းသို့ ဝင်ရောက်မည့် ကားများ (ဓာတ်ပုံ - ဧရာဝတီ)
ပဲခူးမြို့နယ် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ လိုင်စင်မဲ့ကား တန်ဖိုး စိစစ် သတ်မှတ်ရေး အဖွဲ့မှ ၀န်ထမ်းများကို ပြည်ထဲရေး ၀န်ကြီး ဌာန အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ပြည်နယ်နှင့် တိုင်း အသီးသီးရှိ လိုင်စင်မဲ့ ကားများကို ငွေကြေးယူ၍ သယ်ယူပေးသည့် ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံ အာဏာပိုင်များကို ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်ခြင်းနှင့် လိုင်စင်မဲ့ ကားများအား ဖမ်းဆီး သိမ်းဆည်းမှုများ ပြုလုပ်ခြင်း တို့ကြောင့် ယင်းသို့ ရပ်ဆိုင်း လိုက်ခြင်း ဖြစ်သည်ဟု ပြည်နယ် ပြည်တွင်း အခွန်များ ဦးစီးဌာနမှူး တဦးက ပြောသည်။

ထို့အပြင် ကရင်ပြည်နယ် မြ၀တီမြို့တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နှင့် စစ်တပ် အကြား တင်းမာမှု ဖြစ်ပေါ်လာခြင်းများကြောင့်လည်း လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က DKBA ပိုင် လိုင်စင်မဲ့ကားများကို စစ်အစိုးရ စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်သောကြောင့် ထိုကဲ့သို့ တင်းမာမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ပဲခူးမှာလည်း စသုံးလုံးက ပြည်တွင်းအခွန်ဌာနကို ၀င်စစ်နေတယ်၊ လိုင်စင်မဲ့ကား သယ်တဲ့ ရဲတွေလည်း အစစ်ခံ နေရတယ်၊ လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးချိန်ကတည်းက လာဘ်ပေး လာဘ်ယူမှု၊ ငွေကြေး မသာမှုတွေနဲ့ ပတ်သက်ပြီး နေပြည်တော်ကို တိုင်စာတွေ အများကြီးတက်တယ်၊ နောက်ဆုံး လုပ်ငန်းတွေ ရပ်လိုက်တာ”ဟု အထက်ပါ ပြည်တွင်း အခွန်များ ဦးစီးဌာနမှူး က ဆိုသည်။

ယခု လိုင်စင်မဲ့ကား လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်းခြင်းသည် ခေတ္တ ရပ်ဆိုင်းခြင်းမဟုတ်ဘဲ အပြီးရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး လိုင်စင်မဲ့ ကား များကို ဖမ်းဆီးအရေးယူ သိမ်းဆည်းမှုများပြုလုပ်တော့မည်ဟု အကောက်ခွန် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး တဦးက ပြောသည်။

“လိုင်စင်မဲ့တွေ ဖမ်းမယ်၊ ကား သိမ်းတာတွေ လုပ်တော့မယ်”ဟု ၄င်းက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့တွင် လိုင်စင်မဲ့ကားများ လိုင်စင်ထုတ်ပေးမှုကို စတင်ခဲ့ခြင်းဖြစ်ပြီး နှစ်လအကြာ ယနေ့တွင် ရပ်တန့် သွားခြင်းဖြစ်သည်။

ယင်းသို့ ရပ်တန့်လိုက်ခြင်းကြောင့် အခွန်ဆောင်မည့် လိုင်စင်မဲ့ကားများစွာ အခက်အခဲ ကြုံတွေ့နိုင်ကြောင်း ရန်ကုန်မြို့မှ ကား ပွဲစား များက ပြောသည်။

“ကားဈေးတွေ ပြန်တက်နေတယ်၊ အခွန်ဆောင်မယ့် လိုင်စင်မဲ့ ကားပိုင်ရှင်တွေ တော်တော် အခက်အခဲဖြစ်မယ်”ဟု ရန်ကုန် ဟံသာဝတီ ကားပွဲစားတန်းမှ ကားပွဲစား တဦးက ဆိုသည်။

No comments:

နေ့မှာ