ထိုင်းနိုင်ငံတွင် ကားတိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့သူ မြန်မာအလုပ်သမတဦးအတွက် အသက်အာမခံလျော်ကြေးငွေ ဘတ် (၃) သိန်းကို ကားတိုက်မှုကျူးလွန်သည့် ကားကုမ္ပဏီက ခင်ပွန်းဖြစ်သူအား ယနေ့ပေးအပ်လိုက်သည်။
ပြီးခဲ့သည့် ဇွန် (၂၄) ရက်ည (၁၀း၃၀) အချိန်တွင် စမုတ်ပရာကန်ခရိုင်၊ ဘန်ဖီရပ်၊ ဖတ်ကပန်ရှိ THAIAGRI FOOD အုန်းသီးစက်ရုံမှ အလုပ်ဆင်း၍ ပြန်လာသော ကိုအောင်ကြီးနှင့် အသက်(၂၃) နှစ်အရွယ် ဇနီးဖြစ်သူ မချိုမာဝင်းတို့အား ဂေါက်ကွင်းသုံး ကားအသေးစား ထုတ်လုပ်သည့်ကုမ္ပဏီမှ လုပ်ငန်းသုံးဟိုင်းလပ်ကားတစီးက တိုက်မိခဲ့ခြင်းဖြစ်သည်။ မချိုမာဝင်းမှာ ဘန်ဘော်ဆေးရုံသို့ရောက်ပြီး နာရီပိုင်းအတွင်းမှာပင် ကွယ်လွန်ခဲ့ပြီး စက်ရုံတရုံတည်းတွင် အလုပ်လုပ်ကိုင်နေသော ခင်ပွန်းသည် ကိုအောင်ကြီးမှာမူ လက်တွင် ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့သည်။
ကားတိုက်ခံရမှုကြောင့် အသက်ဆုံးရှုံးသွားသည့် ဇနီးသည်ကိုယ်စား ကျန်ရစ်သူခင်ပွန်းသည် ကိုအောင်ကြီးအား လျော်ကြေးငွေ (၃) သိန်း ပေးအပ်၍ အမှုပိတ်သိမ်းမှုကို စမုတ်ပရာကန်ခရိုင်၊ ဘန်ဖီ၊ ဖတ်ပကန် အပိုင်ရဲစခန်းတွင် ယနေ့ ပြုလုပ်ခဲ့သည်။
ဘတ်ငွေ (၁) သိန်းတန် ချက်လက်မှတ်ကို ကိုအောင်ကြီးက လက်ခံရရှိခဲ့ပြီး မြန်မာနိုင်ငံရှိ ကွယ်လွန်သူ မချိုမာဝင်း၏ မိသားစုထံသို့ ဘတ်ငွေ (၂) သိန်းကိုလည်း လွှဲပြောင်းပေးပို့လိုက်ပြီဖြစ်သည်။ ထို လျော်ကြေးငွေ ဘတ် (၃) သိန်းအား ကားအားမခံကုမ္ပဏီမှ (၂) သိန်း၊ ယဉ်တိုက်မှု ကျူးလွန်သူ၏ ကုမ္ပဏီမှ (၁) သိန်း ပေးအပ်ခြင်းဖြစ်သည်။
မချိုမာဝင်း၏ ဈာပနကိစ္စအဝဝအား ၎င်းအလုပ်လုပ်ကိုင်ရာ အုန်းသီးစက်ရုံမှ တာဝန်ယူပြုလုပ်ပေးကာ လိုအပ်သော လျော်ကြေးငွေရရှိရေးအတွက် စက်ရုံတာဝန်ရှိသူများက ကြိုးပမ်းပေးခဲ့ကြသည်။
မြန်မာပြည်သား စစ်မှန်ကြောင်းနှင့် တင်ပြသောမိသားစု သန်းခေါင်စာရင်းအပါအ၀င် မြန်မာဘာသာမှ ထိုင်းဘာသာသို့ လိုအပ်သော တာဝန်ယူ ဘာသာပြန်မှုများကို အမျိုးသားညွန့်ပေါင်းအစိုးရ၊ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာနမှ တာဝန်ယူခဲ့ပြီး အာမခံထောက်ခံမှု ပေးအပ်ခဲ့သည်။
ကွယ်လွန်သူ မချိုမာဝင်းသည် မွန်ပြည်နယ်၊ သထုံမြို့၊ အလံတရာရပ်၊ ဘောဂ (၂) လမ်းတွင် နေထိုင်သူဖြစ်ပြီး ထိုင်းနိုင်ငံရှိ အဆိုပါ အုန်းသီးစက်ရုံ၌ အလုပ်လုပ်နေသည်မှာ (၅) နှစ် ရှိပြီဖြစ်ကာ တရားဝင်အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်သည်။ မချိုမာဝင်းတွင် (၂) နှစ်အရွယ်နှင့် (၉) လအရွယ် သမီးငယ် (၂) ဦးရှိပြီး အဆိုပါကလေးများမှာ မြန်မာနိုင်ငံရှိ အဘိုးအဘွားအိမ်တွင် ကျန်ရစ်ခဲ့သည်။
လျော်ကြေးရရှိသော ငွေ (၁) သိန်းကို ကြွေးမြီများ ပေးဆပ်ကာ ဇနီးသည် မချိုမာဝင်းအတွက် ရည်စူး၍ ကုသိုလ်ပြုမှုများကို မိမိမြန်မာပြည်မပြန်ခင် ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုအောင်ကြီးက ဆိုသည်။
၎င်းက “ကျနော် မြန်မာပြည်ပြန်ပြီး သူကုသိုလ်ရအောင် ဘုန်းကြီးဝတ်ပါမယ်၊ အလံတရာဘုရား တည်နေတဲ့ဆီမှာလည်း အလှူအတန်း သူ့အတွက် လုပ်ပါမယ်” ဟု ဆိုသည်။
မချိုမာဝင်း၏ အရိုးအိုးကို ပြန်လည်သယ်ဆောင်ကာ ကျန်ရစ်သည့် သမီးငယ်များအတွက် အထိမ်းအမှတ်ဖြစ်စေရန် အလံတရာရပ်ရှိ သုသာန်တွင် ဂူသွင်းထားရှိမည်ဟု ခင်ပွန်းဖြစ်သူ ကိုအောင်ကြီးက ပြောကြားသည်။
No comments:
Post a Comment