မူလစာမျက်နှာ

Tuesday, 21 September 2010

စစ်တွေ စည်ပင်သာယာ ကလေးလုပ်သားများ အသုံးပြု

စစ်တွေစည်ပင်မှ ကလေးလုပ်သားများကို အသုံးပြုနေပုံ
ရခိုင်ပြည်နယ် စစ်တွေ စည်ပင်သာယာမှ လမ်းများတွင် ပေါက်ရောက်နေသော ချုံပုတ်များနှင့် မြက်များကို ခုတ်ထွင် ရှင်းလင်းရာတွင် ကလေး လုပ်သားများကို အသုံးပြုနေသည်ဟု မျက်မြင်များက ပြောသည်။

အမည် မဖေါ်လိုသူ မြို့ခံ တစ်ဦးက “ အသက် ၁၀ နှစ်ကနေ ၁၅ နှစ်အရွယ် ကလေးတွေပေါ့နော်။ ဆင်းရဲတဲ့ ကလေးတွေပေါ့။ သူတို့ကို လမ်းဘေးမှာ ပေါက်နေတဲ့ မြက်တွေနဲ့ ချုံပုတ်တွေ ရှင်းလင်းတဲ့ နေရာတွေမှာ စည်ပင်က အရာရှိတွေက ခေါ်ပီး အလုပ်ခိုင်းနေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ ကလေးများကို ခေါ်ခိုင်းနေခြင်းမှာ ဈေးသက်သာပြီး သတ်မှတ်ထားသော အလုပ်သမား တစ်ဦး၏ နေ့တွက်ထဲမှ ငွေကို ဖြတ်ပြီး ကိုယ်ကျိုးအတွက် အသုံးပြုလိုသဖြင့် ဖြစ်သည်ဟု သူက ပြောသည်။

“ နေ့စား အလုပ်သမား လူကြီး တစ်ဦးကို ခေါ်ခိုင်းရင် ကျပ် ၁၀၀၀ ပေးရမယ်။ ကလေးတွေကို ခေါ်ခိုင်တော့ ကျပ် ၃၀၀ ဆိုရင် ရတယ်။ ၇၀၀ က သူတို့ အရာရှိတွေ အတွက် ကျန်နေတယ်လေ။ ပီးရင် ကလေးတွေနဲ့ လူကြီးတွေရဲ့ လုပ်အားနုန်းထားကလည်း သိပ်မကွာခြားတော့ စည်ပင်က ကလေး တွေကို ခေါ်ပီး အလုပ်ခိုင်းနေတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်တွေမြို့တွင် စီးပွားရေး အကျပ်အတည်းကြောင့် ဆင်းရဲသော မိသားစုများမှ ကလေးငယ်များမှာ ပလစတစ်ကောက်သည့် အလုပ် အပါအ၀င် ကြုံရာ ကျဘမ်း အလုပ်ကို လုပ်ကိုင်နေကြရာ ထိုအထဲမှ ကလေးငယ်များကို စည်ပင် ခေါ်ခိုင်းနေခြင်း ဖြစ်သည်။

“ တစ်နေ့ကို ၁၀ ယောက်ကနေ ၂၀ ထိ ခေါ်ခိုင်းနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် မေယုလမ်းမ တလျှောက်နဲ့ ဆေးရုံကြီး ပတ်ဝန်းကျင် အနီး တ၀ိုက်က လမ်းတွေမှာ ပေါက်ရောက်နေတဲ့ ပေါင်းမြက် တွေကို ရှင်းလင်းတဲ့ နေရာတွေမှာ ခေါ်ယူ အသုံးပြုနေတာ ဖြစ်ပါတယ်။ အဲသလို ခေါ်ယူပြီး အလုပ် ခိုင်းတဲ့ အပေါ်မှာ ကလေးတွေရဲ့ အခွင့်အရေးကို ချိုးဖေါက်တယ်လို့ စစ်တွေ မြို့ခံတွေက မမြင်ကြဘဲ ကလေးတွေ အလုပ်ရတော့ တမင်းစားရတာ ကောင်းတယ်ဆိုပီး မြင်တဲ့ လူက ပိုများ ပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်ကြသူ အများစုမှာ လူ့အခွင့်အရေး၊ ကလေး အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးများဆိုသည်ကို ကောင်းစွာ မသိရှိကြသဖြင့် ကလေးများကို အလုပ်စေခိုင်းမူ အပေါ် အပြစ်မြင်သူ မရှိသလောက်ပင် ဖြစ်ကြောင်း စုံစမ်း သိရှိရသည်။

No comments:

နေ့မှာ