ပြန်လည်သန့်စင် ချေဖျက်စက် (Recycle machine) အတွင်းသို့ သစ်သီးဝလံဘူး၊ ပိုးသတ်ဆေးဘူး အလွတ်များကို ထိုးထည့်ရာမှ ဘူးအတွင်းရှိ လက်ကျန်ဓာတ်ငွေ့များကို ဖိမိသဖြင့် စမုတ်ပရာကန်ခရိုင်ရှိ ဖလွတ် 2008 Recycle စက်ရုံတွင် ယမန်နေ့ နေ့လယ် (၁) နာရီက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
စမုတ်ပရာကန်ခရိုင်၊ ထေဖာရပ်မြို့၊ ရပ်ကွက်(၇)၊ ထေဖာရပ်လမ်း၊ စိစပ်လမ်းသွယ်ရှိ အမှတ် (၁၅၇) 2008 Recycle စက်ရုံတွင် ပေါက်ကွဲမှုကြောင့် မြန်မာရွှေ့ပြောင်း အလုပ်သမား (၆) ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၎င်းတို့အား အရေးပေါ်ဆေးဝါးကုသရန် စမလွန်မြောက်ပိုင်း၊ ဘန်းနားအမှတ် (၅) ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
၎င်းတို့အနက် (၂) ဦးမှာ ဒဏ်ရာပြင်းထန်ကာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိပြီး ကျန် (၄) ဦးမှာလည်း တကိုယ်လုံးတွင် မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။
အလုပ်ရှင် ခွန်ဝီချိုင်းရတနာကူလ်က အလုပ်သမားများသည် ဘူးများကို စက်ထဲသို့ ထိုးသွင်းစဉ် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သွားရောက်စစ်ဆေးသည့် ရဲမှူး ကရူဘတ် တနာစီရီကစ်အား ပြောကြားခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်အား စက်ရုံ၏ မှတ်တမ်းတင် ကင်မရာမှ ရိုက်ကူးထားခဲ့၍ တိတိကျကျပြောကြားနိုင်ကြောင်း သတင်းတွင်ပါရှိသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ ရဲက တာဝန်ရှိသူများနှင့် စက်ပစ္စည်းကိရိယာများကို စစ်ဆေးမည်ဖြစ်ပြီး၊ အလုပ်ရှင်အား အများပြည်သူထိခိုက်မှု ဖြစ်စေသည့်ပုဒ်မဖြင့် တရားစွဲဆိုထားသည်။
အဆိုပါစက်ရုံသည် အစိုးရထံတွင် တရားဝင်မှတ်ပုံတင်ထားပြီး ပြန်လည်သန့်စင်ပြီးသား ကုန်ချောများအား ဟောင်ကောင်သို့ ပုံမှန်တင်ပို့နေသည့် စက်ရုံဖြစ်ကာ အလုပ်ရုံတွင် ထိုင်းနှင့်မြန်မာအလုပ်သမား (၁၀) ယောက် အလုပ်လုပ်ကိုင်နေကြသည်။
စက်ရုံသို့ သွားရောက်စစ်ဆေးချက်များအရ စက်ရုံပိုင်ရှင်သည် ခြင်၊ ယင် ပိုးသတ်ဆေးဘူး မြောက်မြားစွာ ၀ယ်ယူထားကြောင်း၊ ထိုဆေးဘူးများ စက်ထဲသို့ ထည့်သွင်းရာတွင် လက်ကျန်ဓာတ်ငွေ့များမှ ပေါက်ကွဲမှု ဖြစ်ပေါ်စေခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများအရ သိရသည်။
ထိခိုက်ဒဏ်ရာရရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဆက်သွယ်ရန် ကြိုးပမ်းသော်လည်း အဆက်အသွယ် မရသေးပေ။
No comments:
Post a Comment