မူလစာမျက်နှာ

Thursday, 9 September 2010

ထိုင်းအက္ခရာမွန်အသံထွက်စာပေသင်ကြားမှု ကျောင်းသားမိဘများဆန္ဒပြ

မင်းထက်အောင်(စက်တင်ဘာ-၉)။      ။ ထိုင်းအက္ခရာဖြင့်မွန်စကားအသံထွက် စာပေသင်ကြားနေမှုကို မကျေနပ်ကြသော ကျောင်းသားမိဘများ ယမန်နေ့တွင်ဆန္ဒပြခဲ့ကြသည်။

ဝင်းကရွာထိုင်းစာသင်ကျောင်းမှ မွန်ကျောင်းသားများ
ဝင်းကရွာထိုင်းစာသင်ကျောင်းမှ မွန်ကျောင်းသားများ
ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်၊ ဝင်းကရွာ၌ ယမန်နေ့နံနက်(၉) နာရီမှ (၁၂) အထိ ကျောင်းသားမိဘ (၃၀၀) နီးပါးခန့် ကျေးရွာရှိ စာသင်ကျောင်းဝင်းအတွင်းသို့ ချီတက်ဆန္ဒပြကြခြင်း ဖြစ်သည်။

“ကျွန်ုပ်တို့သားသမီးများ ကြွက်တွေလိုအစမ်းသပ်ခံ မဖြစ်လိုပါ” အစရှိသည့် ထိုင်းဘာသာဖြင့် စာတမ်းများရေးသားကာ ကန်ချနပူရီခရိုင်၊ ထိုင်းပညာရေးဌာနဝန်ထမ်းများထံသို့ ဆွေးနွေးတင်ပြခဲ့ကြသည်။

သို့ရာတွင် လက်ထောက်ခရိုင်ပညာရေးမှူး စုပီတိခွန်ဖတ်ဒီက ယခုပညာရေးအစီအစဉ်မှာ ထိုင်းအစိုးရ၏ပေါ်လစီဖြစ်ပြီး လုံးဝဖျက်သိမ်း၍မရနိုင်ကြောင်း၊ လက်ရှိသင်ကြားရေးနည်းစနစ်ကိုသာ ပြန်လည်သုံးသပ်ရမှာဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင်များကို ရှင်းလင်းပြောဆိုခဲ့သည်။

ဆန္ဒပြချီတက်လာသူကျောင်းသားမိဘများ
ဆန္ဒပြချီတက်လာသူကျောင်းသားမိဘများ
“ဆန္ဒပြသူတွေက ထိုင်းအာဏာပိုင်တွေကို ရှင်းရှင်းလင်းလင်းမပြောနိုင်ခဲ့ဘူး၊ အမှန်ကတော့ မွန်အက္ခရာနဲ့မွန်စာပေသင်ကြားနေတာမဟုတ်ဘဲ ထိုင်းအက္ခရာနဲ့ရေးပြီး မွန်လိုအသံထွက်တဲ့စနစ်ဖြစ်နေတာကိုလက်မခံနိုင်ဘူးလို့ ထိုင်းအာဏာပိုင်တွေကို အဲဒီလိုသဘောပေါက်အောင်မတင်ပြနိုင်ခဲ့ဘူး” ဟု ဆန္ဒပြပွဲအားလေ့လာခဲ့သူ ထိုင်း-မြန်မာဘာသာပြန်ဆရာ ကိုတင်ဦး သုံးသပ်ပြောပါသည်။

“ဝင်းကရွာဟာမွန်ရွာဖြစ်လို့ ထိုင်းအစိုးရက မွန်စာပေသင်ကြားခွင့်ပြုတာ ဘာကြောင့် ဒီကမွန်တွေလက်မခံရသလဲဆိုလို့တောင် ထိုင်အာဏာပိုင်တွေ မစဉ်းစားတတ်ဖြစ်သွားတယ်” ဟု ၄င်းကဆက်ပြောသည်။

ဒု-ခရိုင်ပညာရေးမှူးမှဆန္ဒပြခေါင်းဆောင်များအား  ပြန်လည်ရှင်းပြနေပုံ
ဝင်းကရွာအလယ်တန်းကျောင်း၌ ပထမတန်းမှ တတိယတန်းအထိ ထိုင်းအက္ခရာအရေးအသား မွန်အသံထွက်စနစ်ဖြင့် ၂၀၀၈- ၂၀၀၉ ခုနှစ်မှ စတင်ခဲ့သည်ဟု သင်ကြားရေးတာဝန်ခံ နိုင်စွမ်းထောင် ပြောပြချက်အရသိရသည်။

တဖန် စတုတ္ထတန်းမှ ဆဌမတန်းအထိ မွန်စာပေအက္ခရာစစ်စစ် သင်ကြားရေးကိုလည်း ယခုနှစ်ကျောင်းဖွင့်ရာသီမှ စတင်သင်ကြားခွင့်ရရှိခဲ့သည်ဟု သိရသည်။

ဝင်းကရွာထိုင်းစာသင်ကျောင်းမှ မွန်ကျောင်းသားများ
ဝင်းကရွာထိုင်းစာသင်ကျောင်းမှ မွန်ကျောင်းသားများ
မွန်စာပေအက္ခရာစစ်စစ်သင်ကြားရေးကို ကျောင်းသားမိဘများ လက်ခံကြသည်ဟု မေးမြန်းချက်များအရ သိရသည်။

ထိုင်းအက္ခရာကို မွန်လိုအသံထွက်ဖတ်ခိုင်းတာက သဘာဝမကျဘူး၊ အသံပီသမှု ဘယ်လိုမှလဲမရနိုင်ဘူး၊ နောက်ပြီး ထိုင်းစကားပြောရာမှာ အသံပီသမှာလည်း မဟုတ်ဘူး” ဟု ထိုင်း-မွန်စာပေကျွမ်းကျင်သူ နိုင်အောက်ပိုင် ကသုံးသပ်ပါသည်။

ဆန္ဒပြခေါင်းဆောင်အချို့တင်ပြနေပုံ
ဆန္ဒပြခေါင်းဆောင်အချို့တင်ပြနေပုံ
“မွန်ခလေးတွေထိုင်းစကားမပြောရဘဲ မိခင်မွန်ဘာသာစကားနဲ့ အခြေခံပညာသင်ကြားတဲ့အစီအစဉ်ပါ၊ ဒီစနစ်အောင်မြင်တယ်မအောင်မြင်ဘူးဆိုတာ သာမန်လူတွေမသိနိုင်သေးပါဘူး၊ ပညာရေးဌာနကသုတေသီတွေ အသိဆုံးပါ” ဟု နိုင်စွမ်းထောင် ပြောသည်။

နှစ်ဖက်ဆွေးနွေးမှုအဖြေကို စောင့်ကြည့်နေသူကျောင်းသားမိဘများ
နှစ်ဖက်ဆွေးနွေးမှုအဖြေကို စောင့်ကြည့်နေသူကျောင်းသားမိဘများ
ဝင်းကရွာအလယ်တန်းကျောင်းတွင် ကျောင်းသားဦးရေတစ်ထောင့်ငါးရာနီးပါးခန့် ရှိသည်။

အဆိုပါကျေးရွာတွင် ထိုင်းနိုင်ငံတရားဝင်နေထိုင်ခွင့်မှတ်ပုံတင်လက်မှတ်ရရှိသူ မြန်မာပြည်ဖွား မွန်တိုင်းရင်းသားအများစု နေထိုင်ကြပြီး အိမ်ခြေတစ်ထောင့်ငါးရာကျော်ရှိသည်။

စာသင်ကျောင်းဝင်းအတွင်း ပိုစတာများဖြင့်ဆန္ဒပြနေပုံ
စာသင်ကျောင်းဝင်းအတွင်း ပိုစတာများဖြင့်ဆန္ဒပြနေပုံ
ယခုဆန္ဒပြပွဲသည် သက်တမ်း(၂၅)နှစ်ကျော်ရှိသည့် ယခုဝင်းကရွာသစ်မှ ပထမအကြိမ်ဆန္ဒပြပွဲဟု သိရသည်။
 

No comments:

နေ့မှာ