မူလစာမျက်နှာ

Friday, 17 September 2010

ညာမို ရင်ဆိုင်တိုက်ပွဲ နအဖတပ်ကြပ်ကြီး ကျဆုံး


ကရင်နီတပ်မတော်သားများ (ကေတီ)
ကရင်နီတပ်မတော်သားများ (ဓါတ်ပုံ-ကေတီ)
ကရင်နီအမာခံ ညာမူတပ်စခန်းနှင့် မျက်နှာချင်း ဆိုင်ရှိသော နအဖတပ်စခန်းများ တပ်စစ်ဆင်ရေး အလဲအလှယ် ပြုလုပ်နေချိန် ကရင်နီတပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ပွဲ ဖြစ်ခဲ့သောကြောင့် နအဖဘက်မှ တပ်သားတဦးနှင့်အတူ တပ်ကြပ်ကြီးတဦး ပါကျဆုံးသွားကြောင်း သိရသည်။
စက်တင်ဘာလ ၁၅ ရက်နေ့က ညာမိုတပ်စခန်း၏ အနောက်ဘက်မှ ၁၅ မိုင်အကွာတွင် ဒု-ဗိုလ်မှူးကြီး စိုးမင်းလတ် ဦးဆောင်လာသော ခမရ ၅၁၆ တပ်ရင်းနှင့် ကရင်နီတပ်ရင်း ၃ မှ ဒုရင်းမှူး ဗိုလ်မှုးဇော်နိုး ဦးဆောင်သော တပ်မှ ခြုံခိုတိုက်ခိုက်ခြင်း ဖြစ်သည်။
“ကျနော်တို့ တိုက်ပွဲ ဖြစ်တာ အဲဒီမှာ လမ်းဖြတ်ပြီးတော့မှ သူတို့လည်း ရောက်လာ၊ အဲမှာ တိုးကြပြီးတော့မှ တိုက်ပွဲ ဖြစ်ပွားကြတယ်လေ” ဟု ဗိုလ်မှူးဇော်နိုးက ပြောပါသည်။
အဆိုပါ တိုက်ပွဲတွင် နအဖဘက်မှ တပ်ကြပ်ကြီးတဦး ကျဆုံးပြီး MA 1 သေနတ် တစ်လက်၊ အီကွင်းမင်း တစ်စုံနှင့် ကျော်ပိုးအိပ်တစ်လုံး သိမ်းဆည်းရမိသည်ဟု ကရင်နီ စစ်ဘက်ဆိုင်ရာ ထောက်လှန်းရေး အရာရှိ တဦးက ပြောသည်။
ကရင်နီတပ်မတော်တို့သည် အခုနောက်ပိုင်းတွင် ရင်ဆိုင်တိုက်ပွဲထက် ပြောက်ကျားတိုက်ပွဲကို ဆင်နွဲလေ့ရှိသည်။
“ရင်ဆိုင်တိုက်ပွဲ ပဲဖြစ်ဖြစ် ပြောက်ကျားတိုက်ပွဲပဲဖြစ်ဖြစ် အဓိကကတော့ ပေါ်လစီပေါ် မူတည်တယ်နော်။ ဒီတော့ ကျနော်တို့က ကရင်နီတပ်မတော် အနေနဲ့ အင်အားနည်းသလို စုစည်းကြီးစေချင်လို့ လုပ်တာပေါ့” ဟု ကရင်နီတပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးက ပြောသည်။

No comments:

နေ့မှာ