ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြော တင်ပြခွင့် အတွက် ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြထားသည့် စာမူ ပယ်ချခံခဲ့ရ သောကြောင့် ယနေ့ထပ်မံ၍ စာမူသစ် တင်ပြရကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် လအတွင်းက သတင်းစာရှင်းလင်းပွဲ တခု၌ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ ရှင်းလင်း ပြောကြားနေစဉ် (ဓာတ်ပုံ - AP)
ရွေးကောက်ပွဲဝင်ခွင့်ရ ပါတီ ၃၇ ပါတီကို နိုင်ငံပိုင် အသံလွှင့်ဌာနနှင့် ရုပ်သံဌာနများမှ ပါတီမူဝါဒ သဘောထားများ ဟောပြောခွင့် ပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်က ကြေညာခဲ့သည်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဒို့တာဝန်အရေး ၃ ပါးကို ထိခိုက်စေရန်၊ နိုင်ငံတော်အား အကြည်ညို ပျက်စေရန်၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် သို့မဟုတ် ဂုဏ်သိက္ခာထိခိုက်စေရန် ဟောပြောခြင်းများ မပြုလုပ်ရန် စသည့် ကန့်သတ်ချက် ၉ ချက်ကို ဖော်ပြထားသည်။
ပါတီများ၏ ဟောပြောမှုကို ၁၅ မိနစ်စာ ခွင့်ပြုမည်ဖြစ်ပြီး ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးကသာ ဟောပြောခွင့်ရမည် ဖြစ်ကြောင်း၊ ဟောပြောမည့် အကြောင်းအရာသည် လျှောက်လွှာစာရွက် ၇ ရွက်ထက် မပိုစေရဘဲ ရွေးကောက်ပွဲ ကော်မရှင်သို့ ကြိုတင်ပြရမည်ဖြစ်ပြီး ကော်မရှင်က ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းစိစစ်မည် ဖြစ်ကြောင်း သိရသည်။
“ပါတီရဲ့ ဟောပြောချက်မူကြမ်းဟာ နိုင်ငံတော်အား အကြည်ညိုပျက်စေမှုနဲ့ ငြိတယ်လို့ အကြောင်းပြတယ်လို့ သိရတယ်။ ပါတီရဲ့ ဟောပြောချက်မူကြမ်းကို နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရတာပါ။ ပြန်ကြားရေးကို တိုက်ရိုက် တင်ရတာ မဟုတ်ပါဘူး။ ဘယ်အချိန် လွှင့်ပေးမယ်ဆိုတာလည်း မသိရသေးပါဘူး” ဟု ဦးသန့်ဇင်မြင့်က ပြောသည်။
ပါတီများ၏ မူဝါဒ သဘောထား ဟောပြောမှု မတိုင်မီ သို့မဟုတ် ဟောပြောမှုအပြီးတွင် သီချင်းလွှင့်ခွင့် ရမည်ဖြစ်သော်လည်း ထိုသီချင်းများကို ပြန်ကြားရေးဝန်ကြီးဌာနသို့ သီးသန့် တင်ပြကြရဦးမည်ဖြစ်ကြောင်းလည်း သိရသည်။
ပါတီများ ဟောပြောခွင့်ကို တရက်လျှင်၂ ပါတီ ဖြင့် ၂ သုတ်ခွဲ ထုတ်လွှင့်မည်ဖြစ်ပြီး ပထမ အသုတ်မှာ စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၁၂ ရက် အထိ ဖြစ်သည်။ မြို (ခေါ်) ခမီ အမျိုးသားညီညွှတ်ရေး ပါတီက ပထမဆုံး ဟောပြောခွင့်ရမည် ဖြစ် ကြောင်း၊ ဒုတိယ အသုတ် ဟောပြောတင်ပြခွင့်ကို အောက်တိုဘာ ၁၂ ရက်တွင် တကျော့ပြန်စတင်မည်ဖြစ်ကြောင်း သိရ သည်။
စစ်အစိုးရက ကျင်းပပေးမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့် ရရှိသည့် ပါတီသစ် ၄၂ ပါတီအနက် ၅ ပါတီကို လွှတ်တော် သုံးရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် ဖျက်သိမ်းခဲ့ရာ ယခုအခါ ၃၇ ပါတီသာ ကျန်ရှိ သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် တည်ဆဲပါတီဟောင်း ၅ ပါတီကိုလည်း ပါတီဆက်လက်တည်ထောင်ခွင့် မလျှောက်သောကြောင့်ဟုဆိုကာ ဖျက်သိမ်းခဲ့သည်။
ကျန်ရှိသော ပါတီများအနက် ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော် သုံးရပ်စလုံးတွင် မဲဆန္ဒနယ် ၁၁၀၀ ကျော်တွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ အင်အားအကြီးဆုံး ပါတီဖြစ်နေပြီး ပါတီမူဝါဒများကို ရောင်စုံစာမျက်နှာများဖြင့် ဖော်ပြထားသည့် သတင်းလွှာစောင်ရေ တသိန်းအား စက်တင်ဘာ လ နှောင်းပိုင်းမှစ၍ အခမဲ့ ဖြန့်ဝေနေပြီဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံရေးပါတီများ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်းများ ဆက်လက်တင်ပြလျက်ရှိရာ နောက်ဆုံး တင်ပြ သည့် ပါတီမှာ ကမန် အမျိုးသား တိုးတက်ရေးပါတီ ဖြစ်ပြီး ပါတီဝင်အင်အား တင်ပြပြီးသည့်ပါတီ ၃၅ ပါတီ ရှိပြီဖြစ်ကြောင်း စစ်အစိုးရသတင်းစာတွင် ဖော်ပြထားသည်။
No comments:
Post a Comment