ဘင်္ဂလာဒေခ်ျ့မှ ဆန်လုပ်ငန်းရှင် တစ်ဦးက “ လောလောဆယ် အချိန်မှာ မြန်မာနိုင်ငံက ဆန်ကို တင်သွင်းမယ့် အနေအထားမျိုး မတွေ့ရသေးဘူး။ လတ်တလော ဘင်္ဂလာဒေခ်ျ့က ဆန်တန်ချိန် တစ်သိန်းသုံးသောင်း တင်သွင်းမယ့်နေရာမှာလည်း မြန်မာနိုင်ငံက ဆန်ကို တင်သွင်းမယ်ဆိုပီး အစိုးရ အာဏာပိုင်တွေဘက်က ပြောထားတာ မရှိသေးဘူး။ ဗီယက်နမ်နိုင်ကဘဲ တင်သွင်းမယ်ဆိုပီး ကျွန်တော်တို့သိထားရပါတယ်” ဟု ပြောသည်။
ဘင်္ဂလာဒေခ်ျ့ အစိုးရသည် ပြည်ပမှ ဆန်တန်ချိန် ၁၃၀၀၀၀ ကိုတင်သွင်းရန် သြဂတ်စ်လ ၂၆ ရက်နေ့က ကက်ဘိနပ် အစည်း အဝေးတွင် ဆုံးဖြတ်ခဲ့ပြီး ထိုအထဲမှ ဆန်တန်ချိန် တစ်သိန်းကို ဗီယက်နမ်နိုင်ငံမှ ၀ယ်ယူရန် ဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဆန်တန်ချိန် တစ်သိန်းကို နှစ်နိုင်ငံ အစိုးရ အကြား သဘောတူညီမှုဖြင့် ၀ယ်ယူ သွားမည် ဖြစ်ပြီး အဆိုပါ ဆန်တန်ချိန် တစ်သိန်းအတွက် ဘင်္ဂလာတာကာငွေ ၂၂၆ ဒဿမ ၆၁ ကုဋေ အသုံးပြုသွားမည်ဟု ဘင်္ဂလာဒေခ်ျ့ စားနပ်ရိက္ခာဆိုင်ရာ ၀န်ကြီးဌာနမှ အရာရှိ တဦးက ပြောသည်။
စုစုပေါင်း ဆန်တစ်ချိန် တစ်သိန်းသုံးသောင်းအတွက် တာကာ ကုဋေ ၃၇၄ အသုံးပြုသွားမည် ဖြစ်ပြီး ကျန် ဆန်တစ်ချိန် သုံးသောင်းကို ပုဂ္ဂလိက ဆန်ကုမ္ပ္ပဏီများက ၀ယ်ယူတင်သွင်းသွားမည် ဖြစ်သည်။
သို့သော် ပုဂ္ဂလိက ဆန်ကုမ္ပဏီများအနေဖြင့် ကျန်ရှိနေသေးသော ဆန်တန်ချိန် သုံးသောင်းကို မြန်မာနိုင်ငံက ၀ယ်ယူတင်သွင်းရန်ထက် အိန္ဒိယမှ ၀ယ်ယူ တင်သွင်းရန် စီစဉ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ၂၀၀၉- ၂၀၁၀ ဘဏ္ဍာရေးနှစ်အတွင်း ဆန်တင်ပို့မူမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၈၀ ကျော်ရရှိခဲ့ပြီး ဘင်္ဂလာဒေခ်ျ့နှင့် အာဖရိက အနောက်ပိုင်းနိုင်ငံများသို့ အများဆုံး တင်ပို့ခဲ့သည်။
ယခု ဘဏ္ဍာရေးနှစ် ပထမ သုံးလပတ်အတွင်း ဆန်တန်ချိန် ခုနှစ်သောင်းကျော် တင်ပိုခဲ့ပြီး လွန်ခဲ့သော ဘဏ္ဍာရေးနှစ်က ဆန်တန်ချိန် ကိုးသောင်းကျော် တင်ပို့ခဲ့သည်ဟု မြန်မာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စာရင်းဇယားအရ သိရသည်။
မြန်မာနိုင်ငံမှ တင်ပို့ရန်ရည်ရွယ်ထားသော ဆန်တန်ချိန် ငါးသောင်းကို ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့ခွင့် မရရှိပါက မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်တွင် ဆန်တင်ပို့မူနုန်း ပြန်လည် ကျဆင်းသွားနိုင်ကြောင်း မြန်မာ့ ဆန်လုပ်ငန်းရှင် တစ်ဦးက သုံးသပ် ပြောဆိုသည်။
No comments:
Post a Comment