အပြစ်မဲ့ တောင်သူတဦးအား မူးယစ်ရမ်းကားအနိုင်ကျင့်ခဲ့သူ ရဲ (၃) ဦးအား သာယာဝတီခရိုင် ရဲမှူးကြီးက ကြို့ပင်ကောက် မြို့နယ်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါရဲ (၃) ဦးအား မည်သည့်ပုဒ်မတပ်၍ စစ်ဆေးနေသည်ကို မသိရသော်လည်း စက်တင်ဘာ (၁၉) ရက်တွင် မြို့နယ်ရဲစခန်း၌ စစ်ဆေးခဲ့ပြီးသည့်နောက် (၂၀) ရက်နေ့တွင် ၎င်းတို့သည် ပြည်မြို့ တိုင်းရဲမင်းကြီးရုံး၌ သွားရောက် အစစ်ဆေးခံရသည်ဟု ကြို့ပင်ကောက် ရဲစခန်း တာဝန်ရှိတဦးက ပြောသည်။
အမှုဖြစ်စဉ်မှာ ကြို့ပင်ကောက်မြို့စွန် စံပယ်ရုံကျေးရွာနေ ကရင်လူမျိုး ဘီတိုလေး ဆိုသူသည် စက်တင်ဘာ (၁၅) ရက်နေ့ ည (၁၂) နာရီခန့်၌ ငါးထောင်ရန်အသွားတွင် မူးယစ်နေသော ရဲ (၃) ဦးတို့က ရိုက်နှက်ခဲ့ကြခြင်းဖြစ်သည်ဟု စံပယ်ရုံရွာခံတို့က ပြောသည်။
ရွာခံတဦးက “ဘီတိုလေးက နားလေးတယ်။ အရပ်ဝတ်နဲ့ရဲတွေက မူးပြီးပြန်လာတာနဲ့ ကျင်စွယ်ရွာ လယ်ကွင်းထဲမှာ သွားတိုးကြတယ်။ ရဲက မေးလိုက် ရိုက်လိုက်နဲ့ လယ်ကွင်းထဲမှာ အော်သံတွေကို ဆူညံနေတာပဲ။ ဘယ်သူမှန်းလဲမသိ၊ ညဉ့်ကလည်း နက်နေတော့ ရွာသားတွေက မထွက်ကြဘူး” ဟုပြောသည်။
ရိုက်နှက်ခြင်းခံရသူ ဘီတိုလေးမှာ အသက် (၂၆) နှစ်ခန့်ရှိပြီး စံပယ်ရုံကျေးရွာ လယ်ပိုင်ရှင် ဦးလွင်၏ စာရင်းငှားဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“ကျင်စွယ်ရွာနဲ့ စံပယ်ရုံရွာကြား လယ်ကွက်ထဲမှာ မေးမြန်းရိုက်နှက်ရင်း လက်လွန်ခြေလွန် ဖြစ်ကုန်တယ်နဲ့တူတယ်။ လယ်ရှင်က ဘီတိုလေး ပျောက်နေလို့ လိုက်ရှာတော့ လယ်တီ ရဲကင်းမှာ တညလုံးချုပ်ထား၊ နှိပ်စက်ထားတယ်ဆိုတာ သိရတယ်။ ဘီတိုလေးက မကြာခဏ အန်ချည်းနေတယ်။ တခါတလေ သတိလစ်သွားတယ်” ဟု မျက်မြင်ရွာသားတဦးက ပြောသည်။
ဘီတိုလေးအား ကြို့ပင်ကောက်မြို့နယ် ဆေးရုံမှတဆင့် ရန်ကုန်ဆေးရုံကြီးသို့ အရေးပေါ် အတွင်းလူနာအဖြစ် တင်လိုက်ရပြီး ဆေးဝါးကုသမှုခံယူနေရကာ ကျန်းမာရေး ပြန်လည်ကောင်းမွန်စပြုလာပြီဟု စခန်းတာဝန်ကျရဲတဦးက ပြောကြားသော်လည်း စက်တင်ဘာ (၂၁) ရက် နေ့လယ်အထိ စံပယ်ရုံကျေးရွာသို့ ပြန်လည်ရောက်ရှိခြင်း မရှိသေးပေ။
တောင်သူ ဘီတိုလေးအား ၀ိုင်းဝန်းရိုက်နှက်ခဲ့သူများမှာ ဒု-ရဲအုပ် မြတ်မင်းနိုင်၊ ရဲတပ်သား ကျော်မင်းဦးနှင့် ထက်မြက်သူ တို့ဖြစ်ကြပြီး ဒု-ရဲအုပ် မြတ်မင်းနိုင်မှာ ပြီးခဲ့သည့်လပိုင်းကမှ ရန်ကုန်မြို့မှ ပြောင်းရွှေ့လာသူဖြစ်သည်။
အခင်းဖြစ်ပွားသည်နေ့မှစ၍ လယ်တီရဲကင်းတာဝန်ကျ ရဲ (၈) ဦးအား ကြို့ပင်ကောက်ရဲစခန်းမှ ပြန်လည်ခေါ်ယူထားကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့နယ်အစွန် မိုးညိုမြို့နယ်အစပ် ကျေးရွာများဖြစ်ကြသော ထန်းကုန်း၊ စံပြ၊ ကျင်စွယ်ရွာ၊ စံပယ်ရုံ၊ လယ်တီ၊ လယ်တီရွာသစ်ကုန်း၊ သဲခုံရွာတို့အား လယ်တီရဲကင်းမှ တာဝန်ယူအုပ်ချုပ်ရခြင်းဖြစ်သည်။
လက်ရှိတွင် ဒု-ရဲအုပ်အား အကျယ်ချုပ်ဖြင့်လည်းကောင်း၊ ရဲတပ်သား (၂) ဦးအား ကြို့ပင်ကောက်ရဲစခန်း အချုပ်ခန်းအတွင်း အကျဉ်းချထားကာ လိုအပ်သလို ခေါ်ယူစစ်ဆေးနေသည်ဟု တာဝန်ကျရဲတဦးက ပြောကြားသည်။
No comments:
Post a Comment