မူလစာမျက်နှာ

Wednesday, 8 September 2010

ဦးဥတ္တမရုပ်တု ဂါရဝမပြုရန် ရခိုင်ပါတီကို တားမြစ်

ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီ (RNDP) က မနက်ဖြန်တွင် ကျရောက်မည့် ဦးဥတ္တမနေ့အထိမ်းအမှတ် ဂုဏ်ပြုသောအားဖြင့် ဆရာတော်ရုပ်တုအား ဦးချဂါရဝပြုမည့် အစီအစဉ်ကို ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်သည်။

ဆရာတော်ပျံလွန်ခြင်း ၇၁ နှစ်မြောက်တွင် RNDP ပါတီဗဟိုကော်မတီဝင် ၉ ဦးက ဦးဥတ္တမပန်းခြံအတွင်းရှိ ရုပ်တုရှေ့၌ ၅ မိနစ်ခန့် ဦးချ ဂါရဝပြုမည့် အစီအစဉ်ကို “နိုင်ငံရေးပါတီများ ဟောပြောစည်းရုံး မဲဆွယ် ရန်မသင့်သည့် လုံခြုံရေးအရ ကန့်သတ်ဧရိယာ” ဟု အကြောင်းပြ တားမြစ်ခဲ့သည်။

NT5လွတ်လပ်ရေးမီးရှူးတန်ဆောင် ရခိုင်အမျိုးသား ဆရာတော် ပျံလွန်တော်မူသည့် ၁၉၃၉ ခု စက်တင်ဘာ ၉ ရက်ကို  ဦးဥတ္တမနေ့အဖြစ် သတ်မှတ်ထားသည်။

RNDP ဥက္ကဌ ဒေါက်တာအေးမောင်က “ဒီဥစ္စာ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ အမျိုးသားခေါင်းဆောင်၊ ဝံသာနုရက္ခိတ စိတ်ဓာတ်ကို   မြန်မာပြည်မှာ  မျိုးစေ့ချပေးခဲ့တဲ့ ပုဂ္ဂိုလ်ကို လွတ်လပ်စွာ ပူဇော်တဲ့အခမ်းအနားလေးပါ” ဟု မဇ္ဈိမကိုပြောသည်။

သို့သော် ပါတီဌာနချုပ်၌ ဆရာတော်၏ ဓာတ်ပုံရှေ့တွင် ဆက်လက် ကျင်းပရန် စီစဉ်ထားကြသည်။ မနက်ဖြန်နေ့လည်ပိုင်းတွင်  စာရေးဆရာ ဦးမောင်ဘသိန်း၊ ပန်းချီမင်းညို (RNDP စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ စာရေးဆရာမတဦးနှင့် နာမည်ရကဗျာဆရာတဦးက မြို့မိ မြို့ဖ ၅ဝ ကျော် ရှေ့ တွင် ဆရာတော်ဦးဥတ္တမ၏ ဂုဏ်ကျေးဇူးများကို ဟောပြောကြမည်ဟုလည်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာစာသင်သံဃာတော်များသမဂ္ဂက ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေတိဂုံ ဘုရား၌ သံဃာ ၄၁ ပါး ယနေ့ မေတ္တာပို့ခဲ့ကြသည်။

“ ဟိုက ၅ပါး၊ ဒီက ၃ ပါး လာကြပြီး ဆရာတော် ဦးဥတ္တမပုံပါတဲ့ စာစောင်လေး အမှတ်တမဲ့ ကိုင်ထားကြတယ်ပေါ့။ အချင်းချင်း မသိတဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်။ နောက်တော့ ဓမ္မာရုံတခုမှာပဲ စုလိုက်တယ်” ဟု ဆုတောင်းပွဲ စီစဉ်သူ ဦးဇင်းက မဇ္ဈိမကို မိန့်သည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရခိုင်ပြည်နယ်မှ ပါတီဝင်များနှင့်  ရခိုင်စာပေဝါသနာရှင်များ စုပေါင်း၍ အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ဆရာတော် ထေရုပ္ပတ္တိနှင့် ဓာတ်ပုံပါ စာစောင် ၃,ဝဝဝ ခန့်ကို ယခုလဆန်းမှစ၍ ဖြန့်ဝေနေကြောင်း ရခိုင်ပြည်နယ်စည်း တွဲဘက် အတွင်းရေးမှူး ကိုသိန်းလှိုင်က မဇ္ဈိမကို ပြောသည်။

စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ မာန်အောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မအီ၊ တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ်များတွင် ဖြန့်ဝေခဲ့သည်ဟုဆိုသည်။

ထို့ပြင်  ၂ဝဝ၇ က စစ်တပ်က သံဃာတော်အချို့ကို ရိုက်နှက်ခဲ့သော ပခုက္ကူမြို့တွင် ယခုရက်ပိုင်းအတွင်း သံဃာတော်များက အစိုးရဆန့်ကျင်ရေးလှုံ့ဆော်စာကပ်ခဲ့ကြသည်ဟု ရန်ကုန် မဇ္ဈိမသတင်းထောက်က ပြောသည်။ အာဏာပိုင်များက အလျင်အမြန် လိုက်ခွာရသည် ဆိုသည်။

No comments:

နေ့မှာ