မူလစာမျက်နှာ

Monday, 7 February 2011

တိုင်းရင်းသား ပါတီသစ်များနှင့် ပထမဆုံး ပြည်ထောင်စုနေ့

 ရွေးကောက်ပွဲဝင်  နိုင်ငံရေးပါတီ ၁ဝ ခုက  ပြည်ထောင်စုနေ့ အခမ်းအနားတခု ဖေဖော်ဝါရီ ၁၂ ရက်တွင် ရန်ကုန်၌ စုပေါင်း ကျင်းပသွားရန် ပြင်ဆင်နေကြသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု NDF၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP၊ ချင်းအမျိုးသားပါတီ CNP၊ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ UDP၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပကြမည် ဖြစ်သည်။

၆၄ နှစ်ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ယခင်လကုန်ကတည်းက ညှိနှိုင်းနေကြပြီး ယနေ့ ဗိုလ်တထောင်မြို့နယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးချုပ်တွင် ပြုလုပ်သော အစည်းအဝေးက အခမ်းအနား ကျင်းပရေး ကော်မတီ ဖွဲ့စည်းခဲ့သည်။ အခမ်းအနား ကျင်းပမည့်နေရာကို ရှာဖွေနေဆဲ ဖြစ်သည်။

သို့သော် ပူးပေါင်း ကြေညာချက်ထုတ်ရာတွင် မပါလိုကြောင်း NDF နိုင်ငံရေး ဦးဆောင်အဖွဲ့ တာဝန်ခံ ဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ကလဲ ကိုယ့်သဘောထားနဲ့ကိုယ် ကြေညာချက်တွေ လုပ်ပြီးနေပြီဗျ။ ကျနော်တို့က Joint Action အထိမဟုတ်တောင်မှ မိတ်ဖက်အနေနဲ့ လက်ခံတယ်။ လူကတော့ တက်မယ်။ ကျနော်တို့ဟာကျနော်တို့ ဖတ်ခွင့်ရရင်ဖတ်မယ်” ဟု ဦးခင်မောင်ဆွေက ပြောသည်။



NDF ရန်ကုန် ရုံးချုပ်နှင့် မန္တလေးတို့တွင် ပြည်ထောင်စုနေ့ အခမ်းအနားများ သီးခြား လုပ်ဆောင်ရန်လည်း အစီအစဉ်ရှိနေပြီး ပြည်ထောင်စုနေ့ဆိုင်ရာ ပါတီသဘောထားကို စီးပွားပိတ်ဆို့မှုအပေါ် သဘောထားနှင့်အတူ ယနေ့ထုတ်ပြန်သွားမည် ဆိုသည်။

အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွှေဂုံတိုင်ရုံးချုပ်တွင်  ပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပရန် အစီအစဉ်ရှိသကဲ့သို့  စစ်အစိုးရကလည်း နေပြည်တော်တွင် ကျင်းပရန်ရှိသည်။

ပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်း၍ အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရယူနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်း ခေါင်းဆောင်များ ၁၉၄၇  ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် ပင်လုံ၌ စည်းဝေးခဲ့ရာမှ ပင်လုံညီလာခံ ဖြစ်ပေါ်လာခဲ့သည်။
Source:mizzimaburmese

No comments:

နေ့မှာ