မူလစာမျက်နှာ

Monday, 7 February 2011

မြဝတီ ပြည်တွင်းဖုန်းလိုင်းများ ပြတ်တောက်

 ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ဆက်သွယ်ရေး မိုက်ခရိုဝေ့ဗ် တာဝါတိုင် ပျက်စီးသွားသဖြင့် ပြည်တွင်းသုံး တယ်လီဖုန်းလိုင်းများ တပတ်ကြာ ပြတ်တောက်နေကြောင်း မြို့ခံများက ပြောသည်။

မြဝတီမြို့နှင့် ကော့ကရိတ်မြို့အကြား တောင်သုံးလုံးစခန်းအနီးရှိ တာဝါတိုင်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းတွင် ကရင်လက်နက်ကိုင် တပ်အချို့က ပစ်ခတ်သွားခဲ့သဖြင့် တာဝါတိုင်ကြီးသာမက စက်ကိရိယာ အချို့ပါ ပျက်စီးသွားသောကြောင့် နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေးအောက်ရှိ ဖုန်းလိုင်းများ ပြတ်တောက်နေခြင်း ဖြစ်သည်။

“ဖုန်းဆက်လို့ မရတာ တပတ်ရှိပြီ။ ဒီကနေပြီးတော့လည်း မြန်မာတနိုင်ငံလုံးကို ဆက်သွယ်လို့မရဘူး။ သာမန် တောသူတောင်သားကတော့ ဆက်လို့မရလို့ ဒုက္ခရောက်တာပေါ့” ဟု မြဝတီမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

ယခုအခါ မြဝတီတမြို့လုံးတွင် ၄ လုံးသာရှိသော IPSTAR ဆက်သွယ်ရေး ဂြိုဟ်တုဖုန်းကိုသာ အားထားနေကြရသည်။

“စီးပွားရေးသမားတွေကတော့ IPSTAR ဖုန်းတွေ သုံးပြီး ဆက်တယ်။ ရိုးရိုး မြန်မာ့ဆက်သွယ်ရေးဖုန်းက တမိနစ် ၅၀၊ ၁၀၀ ကျတယ်ဆိုရင် ဂြိုဟ်တုဖုန်းက ၃ဝဝ၊ ၄ဝဝ လောက် ပေးရတယ်” ဟု မြဝတီမြို့ခံ စီးပွားရေး လုပ်ငန်းရှင် တဦးက မဇ္ဈိမကို ပြောသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် DKBA နှင့် ကရင်အမျိုးသား အစည်းအရုံး KNU ၏ တပ်မတော် KNLA က တောင်သုံးလုံးစခန်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ပြီး၊ လက်နက်ငယ်များဖြင့် အနီးကပ် သွားပစ်ခဲ့ကြောင်း DKBA တပ်မဟာ ၅ မှ ကလို့ထူးဘောဗျူဟာ အခြေစိုက် စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က အတည်ပြု ပြောဆိုခဲ့ကြောင်း ကရင်သတင်းစဉ် KIC တွင် ယခုလ ၁ ရက်နေ့သတင်း၌ ဖော်ပြခဲ့သည်။

အဆိုပါ နယ်မြေမှာ KNLA တပ်ရင်း ၁၈ နယ်မြေဖြစ်ကြောင်း KNLA တပ်မှူးကြီးတဦးက ပြောဆိုသည်ဟု KIC က ဆိုထားသည်။

တိုက်ခိုက်မှုအပြီးတွင် ဆက်သွယ်ရေးစခန်းရှိ တာဝန်ကျရဲတဦးကို ကရင်တပ်ဖွဲ့များက ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး၊ ယခုထိ ကောင်းမွန်စွာ ထိန်းသိမ်းထားကြောင်း အမည်မဖော်လိုသည့် DKBA တပ်ဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။ သို့သော် မဇ္ဈိမအနေဖြင့် ၎င်းဖမ်းဆီးမှုနှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်အစိုးရတပ်များနှင့် DKBA တပ်များအကြား ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ကြပြီး၊ ပြီးခဲ့သည့် လကုန်ပိုင်းတွင်လည်း ဝေါ်လေ၊ ဘုရားသုံးဆူ၊ သင်္ဃန်းညီနောင်၊ ဖလူး၊ ကျောက်ခက် စသည့် ဒေသများတွင် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု သူက ပြောကြားသည်။
Source:mizzimaburmese

No comments:

နေ့မှာ