မူလစာမျက်နှာ

Tuesday 28 February 2012

လွှတ်တော်နိုင်ငံရေး နှင်းဆီခိုင်အဖြစ်သို့

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် ယှဉ်ပြိုင်ကြမယ့် ပါတီတွေဟာ အခုဆိုရင် တရားဝင် မဲဆွယ်စည်းရုံးမှုတွေကို စတင် လုပ်ဆောင် နေကြပြီ ဖြစ်တယ်ဗျ။ ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တဲ့ ၉ဝ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ NLD ဒီချုပ်ပါတီ ပြန်လည်ပါဝင်လာတဲ့ အဲဒီရွေးကောက် ပွဲဟာ အစိုးရသစ်လက်ထက်မှာ မြင်တွေ့ခဲ့ကြရတဲ့ အားတက်မျှော်လင့်စရာ မြင်ကွင်းတွေအရရော ပြည်တွင်းပြည်ပက စိတ်ဝင်တစား အနီးကပ် စောင့်ကြည့်လေ့လာ အကဲခတ် နေကြမယ့် အနေအထားအရပါ ယေဘုယျအားဖြင့် ချောချောမွေ့မွေ့ အောင်အောင်မြင်မြင် ပြီးဆုံးသွားနိုင် လိမ့်မယ်လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆ ထားတယ်ဗျ။
လွှတ်တော်ထဲ ရောက်သွားမယ်
အဲဒီ ရွေးကောက်ပွဲအပြီးမှာ ဘယ်ပါတီက ကိုယ်စားလှယ်လောင်း ဘယ်နှယောက် အရွေးခံကြရပြီး ဘယ်ပါတီက ကိုယ်စားလှယ် အများဆုံးနဲ့ အနိုင်ရသွားမယ်ဆိုတာကို အတပ်မပြော နိုင်ပေမယ့် လောလောဆယ် မြင်တွေ့ကြားသိနေရတဲ့ အခြေအနေတွေအရ ရာခိုင် နှုန်းအတော်များများ ပြောနိုင်တာ တစ်ခုကတော့ NLD ဒီချုပ်ပါတီရဲ့ ကိုယ်စားလှယ်တချို့ လွှတ်တော်ထဲ ရောက်သွားမှာဖြစ်တယ်ဆိုတဲ့ အချက်ပဲဗျ။
အားလုံး သိကြတဲ့အတိုင်း ၁၉၉ဝ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို ထောက်ခံမဲတွေနဲ့ အနိုင်ရခဲ့ပေမယ့် နိုင်ငံအရေးအရာများကို စီမံခန့်ခွဲခွင့် မရရှိခဲ့တဲ့ NLD ဒီချုပ် ပါတီဟာ အဆင့်ဆင့်သော ပါတီခေါင်းဆောင်များရဲ့ ကန့်ကွက်သူမရှိ တစ်ခဲနက်သဘောတူညီမှုနဲ့ ချမှတ်ထုတ်ပြန်ခဲ့တဲ့ ရွှေဂုံတိုင်ကြေညာချက်ကို ကိုင်ဆွဲပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့တာ ဖြစ်တယ်ဗျ။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်မလာခင် နှစ်နှစ်ကျော် ကာလအတွင်း ပါတီကို သဘောတရားအရ ဦးဆောင်မှု ပေးခဲ့တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ဆိုရင် အခုကျင်းပဖို့ ပြင်ဆင်နေပြီဖြစ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲကိုပါ အစောပိုင်းတုန်းက ဆက်လက်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့သူ ဖြစ်တယ်ဗျ။ သူက နိုင်ငံရေးဆိုတာ လွှတ်တော်တွင်း နိုင်ငံရေးတစ်ခုတည်း ရှိတာ မဟုတ်ဘူး။ လွှတ်တော်ပြင်ပ နိုင်ငံရေးလည်း ရှိတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုသာ ရှိတယ်ဆိုရင် NLD ပါတီဟာလည်း တရားဝင်တယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း လုပ်လို့ရတယ်ဆိုတဲ့ သဘောထားနဲ့ ၂ဝဝ၈ အခြေခံဥပဒေက မွေးဖွားလာတဲ့ ရွေးကောက်ပွဲမှန်သမျှကို သပိတ်မှောက်ရေး ရပ်တည်ချက်ကို ကိုင်ဆွဲထားခဲ့တာ ဖြစ်တယ် ဗျ။ NLD ကလည်း ဆရာကြီးဦးဝင်းတင်ရဲ့ ဒီသဘောထားအတိုင်း ရပ်တည်ခဲ့တယ်ဗျာ။
အပြောင်းအလဲတွေကြောင့် ပြောင်းလဲတာ
ဒါပေမဲ့ အခုတော့ NLD ရဲ့ ရွေးကောက်ပွဲ သပိတ်မှောက်ရေး သဘောထားဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပြီဖြစ်တယ်ဆိုတာ အားလုံးအသိ ဖြစ်တယ်ဗျာ။ NLD ရဲ့ ရပ်တည် ချက် ဘာ့ကြောင့် ပြောင်းသွားခဲ့ရတာလဲ။ အဓိက အကြောင်းရင်းကတော့ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရရဲ့ အရေးပါတဲ့  အခြေခံသဘောထား ရပ်တည်ချက် အချို့ ပြောင်းလဲလာမှုပဲ ဖြစ်တယ်ဗျ။ အများမျှော်လင့် မထားခဲ့ကြတဲ့ အစိုးရရဲ့ အဲဒီသဘောထား အပြောင်းအလဲတချို့ အပေါ်မူတည် ပြီး NLD က သူ့ရဲ့ မူလရပ်တည် ချက်ကို စွန့်လွှတ်ပြီး လွှတ်တော်ထဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရတယ်ဗျ။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဆရာဦးဝင်းတင်က ဒါဟာ မိမိတို့ရဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးကို လွှတ်တော်ထဲသို့ တိုးချဲ့တာသာ ဖြစ်တယ်လို့ ပြောဆိုထားပြီး ဒုတိယအကြိမ် မှတ်ပုံတင်ပြန်တင်တဲ့ NLD ပါတီမှာ ဥက္ကဋ္ဌဖြစ်လာတဲ့ NLD  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မိမိတို့ပါတီ ရွေးကောက်ပွဲဝင်တာဟာ အဓိက အားဖြင့် ရည်ရွယ်ချက်သုံးခုကြောင့် သာဖြစ်တယ်။ အဲဒါတွေကတော့ နိုင်ငံမှာ တရားဥပဒေစိုးမိုးရေး ပေါ်ထွန်းလာစေဖို့၊ ငြိမ်းချမ်းရေးရရှိဖို့နဲ့ ၂ဝဝ၈ အခြေခံဥပဒေထဲ က ပြည်သူတွေ အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ အချက်တွေကို ပြင်ဆင်ဖို့တို့ဖြစ်တယ်လို့ ပြတ်ပြတ်သားသား ရှင်းရှင်းကင်းကင်း ပြောထားတယ်ဗျ။
ရွေးချင်းရွေးမယ်ဆိုရင်
The Voice ဂျာနယ် အတွဲ (၈)၊ အမှတ် (၈)မှာ ဆောင်းပါးရှင် ကျော်လင်းဦးက ‘လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေး’ ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးထား တယ်ဗျ။ သူက သူ့ဆောင်းပါးကို ‘အကယ်၍ လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေး နှစ်ခုအနက် တစ်ခုကိုရွေးချယ်ရန် စာရေးသူကို တစ်စုံတစ်ယောက်က မေး လာခဲ့လျှင် လွှတ်တော်နိုင်ငံရေးကိုသာ ရွေးချယ်မိမည်ဖြစ်သည်’ဆိုတဲ့ ဝါကျနဲ့စထားပြီး ထိုင်းနိုင်ငံမှာ ရှပ်နီတွက လွှတ်တော်နိုင်ငံရေး (တစ်နည်း) အခြေခံဥပဒေဘောင် အတွင်း နိုင်ငံရေးကိုကျောခိုင်းကာ လမ်းပေါ်ဆန္ဒပြပွဲတွေနဲ့ အစိုးရကို ဖြုတ်ချဖို့ ကြိုးပမ်းခဲ့ကြတာကြောင့် လူအများအပြား သေဆုံးဒဏ်ရာရ၊ တိုင်းပြည်လည်း အကြီးအကျယ် ဆုံးရှုံးနစ်နာခဲ့ရကြောင်း၊ ဒါကြောင့် မြန်မာ့နိုင်ငံရေးမှာလည်း ရေရှည်မှာ လွှတ်တော်တွင်းနိုင်ငံရေးကို ဇောင်းပေးကြရမှာ ဖြစ်ကြောင်း၊ ရေရှည်မှာ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်သူတို့သာ အဓိကဇာတ်ဆောင်များဖြစ် လာကြမှာဖြစ်ပြီး လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ လှုပ်ရှားနေသူတွေကတော့ ဇာတ်ပို့တွေသာဖြစ်လာကြ မယ့် အကြောင်းနဲ့နိဂုံးချုပ်ထားတယ် ဗျ။
အမျိုးသား ပြန်လည်သင့်မြတ်ရေးကြောင့်
ကျွန်တော့်အနေနဲ့ ဆောင်းပါးရှင် ကျော်လင်းဦးရဲ့ အယူအဆနဲ့ ပတ်သက်ပြီး လက်မခံနိုင်စရာ မရှိဘူး။ ဖြည့်စွက်ဆွေးနွေးစရာပဲ ရှိတယ်ဗျ။ အဲဒါကတော့ ရေရှည်မှာ လွှတ်တော်နိုင်ငံရေး ပိုမိုအားကောင်းလာပြီး လွှတ်တော်နိုင်ငံရေးသမားတွေသာ ‘ဇာတ်လိုက်’တွေ ဖြစ်လာဖို့အတွက် လွှတ်တော်ဟာ အမှန် တကယ် ပြည်သူကို တစ်ရာ ရာခိုင်နှုန်း ကိုယ်စားပြုတဲ့ ပြည်သူ့လွှတ်တော် ဖြစ်လာဖို့ လိုတယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်ဗျ။
ဆိုလိုတာက အခုရှိနေတဲ့ လွှတ်တော်ဟာ ဘယ်လိုလွှတ်တော်လဲ။ လွှတ်တော်ကိုယ်စားလှယ် အများစုအနိုင်ရရှိထားတာ ဘယ်ပါတီလဲ။ အဲဒီပါတီဟာ ဘယ်လိုပေါ်ပေါက် လာသလဲ။ အဖွဲ့ဝင်တွေကို ဘယ်လိုစုဆောင်း ခဲ့တာလဲစတဲ့ စတဲ့အချက်တွေဟာ ပြည်သူအားလုံး သိပြီးသားဖြစ်တယ်ဗျ။ အခုအချိန်မှာ အဲဒါတွေကို ပြည်သူတွေ ထုတ် မပြောကြတာက အတိတ်ကို ကျောခိုင်းစွန့်ခွာပြီး ပြည်သူ့ဆန္ဒကို အလေးထားကြောင်း တစ်နေ့တခြား ပိုပိုပြီး ပြသလာနေတဲ့ အစိုးရနဲ့ လွှတ်တော်ရဲ့လုပ်ရပ်တွေနဲ့ အတိတ် ထက်အနာဂတ်ကိုသာ ပိုပြီးအာရုံ ရောက်နေကြတဲ့ ပြည်သူတွေရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး နှလုံးသားကြောင့် ဖြစ်တယ်ဗျ။
ဒါပေမဲ့ NLD  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD  ပါတီကတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ရေးဆိုပြီး ၂ဝဝ၈ အခြေခံ ဥပဒေကို မတို့မထိဘဲ နေမှာမဟုတ် ဘူးဗျ။ အခုြေ<ွကးကြော်ထားတဲ့ အတိုင်း ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ပြီး အနိုင်ရလို့ လွှတ်တော် ထဲရောက်သွားတဲ့အခါ အခြေခံ ဥပဒေပြင်ဆင်ရေးကို တွန်းတွန်းတိုက်တိုက် လုပ်ဆောင်မှာပဲလို့ မျှော်လင့်ရတယ်ဗျ။ လူထုကလည်း ပြင်သင့်တာတွေကိုပြင်ဖို့ ကြိုးပမ်းနေကြတာကို အင်တိုက်အားတိုက် ဝိုင်းဝန်းပံ့ပိုးကူညီကြမှာ သေချာ တယ်ဗျာ။
၂ဝဝ၈ အခြေခံဥပဒေ၊ ၂ဝ၁ဝ ရွေးကောက်ပွဲဆိုတဲ့ ပေးထားချက်တွေအရ အနည်းဆုံး အဲဒီအချိန်အထိတော့ ဆက်ပြီးရှိနေဦးမှာဖြစ်တဲ့ လွှတ်တော်ပြင်ပ နိုင်ငံရေးအင် အားစုတွေကလည်း အဲဒီလုပ်ရပ်ကို ထောက်ခံပံ့ပိုးကြမှာ ဖြစ်တယ်ဗျ။ အဲဒီအချိန်မှာ ပြည်သူတွေရဲ့ဆန္ဒတွေ လွှတ်တော်နိုင်ငံရေ နည်းလမ်းကတစ်ဆင့် အောင်မြင်ဖို့ အရေးမှာ အခရာကျတာကတော့ နိုင်ငံ့ခေါင်းဆောင်များရဲ့ သဘောထားပဲ ဖြစ်တယ်ဗျာ။ ချောချောမွေ့မွေ့ ညင်ညင်သာသာ အောင်မြင်သွားမယ် ဆိုရင်တော့ လွှတ်တော်နိုင်ငံရေးဟာ အမှန်တကယ်ပဲ ”ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်”ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည် နေတယ်ဗျ။
မောင်ဝံသ
၁၅-၂-၂ဝ၁၂

No comments:

နေ့မှာ